Skip to main content

အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ကဏ္ဍအလိုက် ကျေပွန်စွာ ပူးပေါင်းပါဝင်

ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ပြည်သူများ စားသုံးနိုင်ရေးအတွက် အစားအသောက်ကွင်းဆက်တစ်လျှောက် တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများက မိမိတို့နှင့်သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် ကဏ္ဍခြောက်ခုကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြရာ နယ်စပ်မှတရားမဝင် အစားအသောက်တင်သွင်းမှု ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များ၊ တက္ကသိုလ်စားသောက်ဆိုင်များနှင့် ဧည့်ခံကျွေးမွေးရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များ၊ အဝေးပြေးလမ်းမတစ်လျှောက်နှင့် ကားရပ်နားစခန်းများရှိ စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်များရှိ စားသောက်ဆိုင်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များ၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် တောရိုင်းတိရစ္ဆာန်များ၊ အင်းဆက်များ၊ ပိုးကောင်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ၊ အစားအသောက်စံချိန်စံညွှန်းများ ရေးဆွဲထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များ ပါဝင်သည်။

ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက်များဆိုသည်မှာ စားသုံးသူများအတွက် ဇီဝအန္တရာယ်၊ ဓာတုအန္တရာယ်၊ ရူပအန္တရာယ်များ ကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အစားအသောက်များပင်ဖြစ်သည်။ ဈေးကွက်အသီးသီးမှ ဝယ်ယူစားသောက်ကြသည့် အစားအသောက်များတွင် သက်တမ်းလွန်နေခြင်း၊ လတ်ဆတ်မှုမရှိခြင်း၊ ပါဝင်ပစ္စည်းတစ်ခုခုကြောင့် ဓာတ်မတည့်ခြင်း၊ မှိုနှင့်ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များပါဝင်နေခြင်း၊ ဓာတ်ဆေး၊ ဆိုးဆေး၊ ပဋိဇီဝဆေးနှင့် ဖြည့်စွက်ဆေးများ၊ တာရှည်ခံဆေးများ၊ ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေခြင်း၊ အစားအစာထဲ၌ ပြင်ပအရာဝတ္ထုများ(ချိတ်၊ အပ်၊ ဖန်ကွဲစ၊ အမှိုက်၊ ပိုးဟပ် ... စသည်ဖြင့်) ပါဝင်နေခြင်းတို့မှာ စားသုံးသူကို ဘေးအန္တရာယ်ဖြစ်ပေါ်စေသည်။ ဘေးမကင်းသည့် အစားအသောက်များကြောင့် လတ်တလောတွင် မူးဝေ၊ အော့အန်၊ ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်ခြင်း၊ ဗိုက်အောင့်ခြင်း စသည်တို့ ခံစားကြရသလို ရေရှည်တွင်လည်း ကင်ဆာအပါအဝင် နာတာရှည်ရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။

အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် အစားအသောက်ကုန်ကြမ်း ထုတ်လုပ်ခြင်းအဆင့်မှစ၍ စားသုံးသူများ၏ စားပွဲပေါ်ရောက်ရှိသည်အထိ ကွင်းဆက်တစ်လျှောက်လုံးတွင် နည်းလမ်းကောင်းများနှင့်အညီ ကျင့်သုံး လုပ်ကိုင်ဆောင်ရွက်ရန်လိုသည်။ ကောင်းမွန်သည့် နည်းလမ်းများဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်ခြင်း၊ ထိန်းသိမ်းကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ ပြင်ဆင်ခြင်း စသည့်နည်းလမ်းများဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကို စားသုံးသူများထံ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒသည် ပြည်သူလူထု၏ ကျန်းမာရေးအတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် မျှော်မှန်းချက်သာမက ကဏ္ဍအလိုက် နိုင်ငံတကာနှင့်လျော်ညီသည့် စံချိန်စံညွှန်းများပေါ်ထွက်လာရေး၊ စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများပေါ်ထွက်လာရေး၊ ပို့ကုန်လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေပိုမိုရရှိရေးတို့ ဆက်လက်လုပ်ဆောင်သွားနိုင်ရန်အတွက်ပါ မျှော်မှန်းရေးဆွဲချမှတ်ထားခြင်းဖြစ်သည်။

ပြည်သူများနေ့စဉ် စားသောက်နေကြရသည့် အစားအစာကွင်းဆက်တစ်လျှောက် တာဝန်ယူဆောင်ရွက်ကြရာတွင် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ကြရခြင်းဖြစ်သကဲ့သို့ အစားအစာထုတ်လုပ်သူများ၊ သိုလှောင်သူများ၊ ပြုပြင်ထုပ်ပိုးသူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ စားသုံးသူများ အားလုံးကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ မျှော်မှန်းချက်များ ပြည့်ဝအောင်မြင်ပါမည့်အကြောင်း။ ။