နေပြည်တော် ဇန်နဝါရီ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနအောက်ရှိ စာပေဗိမာန်ပြည်သူ့စာကြည့် တိုက်ကို အမှတ် ၅၂၉/ ၅၃၁၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့် ကျောက်တံတားမြို့နယ် စာပေဗိမာန် အဆောက်အဦ၌ ၁၉၅၆ ခုနှစ် မတ် ၁၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
‘‘အမှောင်ခွင်း၍ အလင်းဆောင်အံ့’’ ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများ အသိဉာဏ်ပညာ တိုးပွားစေရန်နှင့် မြန်မာစာပေ ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေရန် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည် ကဏ္ဍတစ်ရပ်အနေဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၏ ရည်ရွယ်ချက်မှာ ပြည်သူတို့ ဗဟုသုတဖြစ်စေရန်နှင့် စာဖတ်အလေ့အကျင့် တိုးပွားစေရန်လည်းကောင်း၊ အတွေး အခေါ် ရင့်သန်လာ၍ ဉာဏ်အမြော်အမြင် ကြီးမားလာစေရန်လည်းကောင်း၊ နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန်လည်းကောင်း၊ စာဖတ်သူများ အားကိုးအားထားပြု နိုင်သည့် စာကြည့်တိုက်တစ်ခု ဖြစ်လာစေရန်လည်းကောင်း ရည်ရွယ်ချက်များနှင့် သုတ၊ ရသ စာအုပ်မျိုးစုံဖြင့် ဝန်ဆောင်မှုပေးလျက် ရှိသည်။
သုတ၊ ရသ မြန်မာစာအုပ်ပေါင်း ၆၂၆၈၉ အုပ် နှင့် အင်္ဂလိပ်စာအုပ်ပေါင်း ၂၃၁၂၈ အုပ် စုစုပေါင်း ၈၅၈၁၇ အုပ် စုဆောင်းထားရှိသည်။ e-book စာအုပ်ပေါင်း ၂၃၈၅၁ ကိုလည်း e-book အဖြစ် ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေရေးရာ၊ သမိုင်း၊ ပထဝီ၊ အတ္ထုပ္ပတ္တိ၊ စွယ်စုံကျမ်းများနှင့် အဘိဓာန်ပေါင်းများစွာ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းစာအုပ်များ၊ နိုင်ငံတော်ပြန်တမ်းများနှင့် ဗဟုသုတရရှိစေမည့် သုတ၊ ရသ ကဏ္ဍစုံစာအုပ်ပေါင်းများစွာကို စုဆောင်းထားရှိသည်။
ထို့ပြင် မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် ၃၉၅၄၅ ရှိပြီး နေ့စဉ်ထုတ်သတင်းစာများဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာနှင့် The Global Newlight of Myanmar သတင်းစာများကို တစ်လစာ တစ်အုပ်စီ ချုပ်ပြီး ၁၉၉၅ ခုနှစ်မှစပြီး ယနေ့အထိ စုဆောင်းထားရှိသည်။
စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်သည် ပြည်သူ့စာကြည့်တိုက် အမျိုးအစားဖြစ်သည်နှင့် အညီ လူတန်းစားမျိုးစုံ၊ အလွှာပေါင်းစုံ ဖတ်ရှုအသုံးပြု နိုင်စေရန် သုတ၊ ရသ ကဏ္ဍစုံစာအုပ်များကို စုဆောင်းဝယ်ယူထိန်းသိမ်းပြီး ဝန်ဆောင်မှုပေး လျက်ရှိသော စာကြည့်တိုက်ဖြစ်သည်။
စာကြည့်တိုက်ရှိစာအုပ်များ၏ Data အချက် အလက်များကို Electronic Library Management System Software ဖြင့် ကွန်ပျူတာထဲတွင် ထည့်သွင်းထားသဖြင့် စာဖတ်သူများ သိလိုသောအကြောင်းအရာ၊ အချက်အလက်၊ စာအုပ်စာတမ်းများကို e-Catalogue စနစ်ဖြင့် ရှာဖွေနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသဖြင့် အချိန်တိုအတွင်း ရှာဖွေဖတ်ရှုနိုင်သည်။ စာကြည့်တိုက်ရှိ e-book များကိုလည်း Local Network ချိတ်ဆက်ထားပြီး ကွန်ပျူတာအသုံးပြုကာ စာကြည့်တိုက်အတွင်းတွင် အလွယ်တကူ ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။ ထို့ပြင် Internet နှင့် Wi –Fi တို့ကိုလည်း အခမဲ့အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားသည်။ စာတမ်းပြုစုသူ ကျောင်းသား ကျောင်းသူများ၊ သုတေသနပြုသူ စာပေသုတေသီများနှင့် ဌာနဆိုင်ရာများအတွက် လိုအပ်သော စာအုပ်စာတမ်းများကို လည်း ငှားရမ်းဖတ်ရှုခြင်းနှင့် မိတ္တူကူးယူခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည်။ စာပေဝါသနာရှင်များ နှင့် စာအုပ်ငှားရမ်းဖတ်ရှုလိုသူများကို စာကြည့်တိုက် အသင်းဝင် ကတ်ပြားပြုလုပ်ပေးပြီး အိမ်သို့ငှားရမ်းမှုကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ စာကြည့်တိုက်ဖွင့်လှစ်ချိန်ကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိလည်းကောင်း၊ စနေနေ့တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ လည်းကောင်း ဖွင့်လှစ်ထားရှိသည်။
သတင်းစဉ်