မန္တလေး ဇန်နဝါရီ ၁၈
မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ရတနာပုံစျေး မီးလောင်မှုကို မီးငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ်၍ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က စျေးသူ စျေးသားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ရတနာပုံစျေးသည် ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီ ၁၀ မိနစ်မှ စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ ယနေ့နံနက် ၂ နာရီ ၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီကျော် ခန့်တွင် အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီ မှ ညနေ ၅ နာရီအထိ ဆိုင်ခန်းရှင်များအား ၎င်းတို့ဆိုင်ခန်း များကို ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်။
“ဈေးသူ ဈေးသားတွေရဲ့ဘဝဖြစ်တဲ့ စျေးကြီးကို အမြန် ဆုံး ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်သွားမယ်။ မီးဘေးဒဏ်ကြောင့် အဆောက်အဦရဲ့ ကြံ့ခိုင်ရေးကျဆင်း မသွားအောင် သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့တွေက လိုအပ်တာတွေ စတင်လုပ်ဆောင်နေပါတယ်။ ဆိုင်ခန်းရှင် တွေရဲ့ပစ္စည်းတွေ မပျောက်အောင်လည်း လုပ်ဆောင် နေပါတယ်”ဟု တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က ပြောသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက “မီးလောင်တဲ့အနေအထားက ပထမထပ်တစ်ခုလုံး လောင်သွားပါ တယ်။ ကျန်တဲ့အထပ်တွေမှာ မီးလောင်ကျွမ်းခြင်းမရှိပါဘူး။ ရှင်းလင်းရေးကော်မတီဖွဲ့စည်းပြီး အရေးကြီးတဲ့ပစ္စည်းတွေ သယ်ယူနိုင်အောင် ဆောင်ရွက်နေပါတယ်။ လုံခြုံရေးအနေ နဲ့ မနေ့ညကတည်းက တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လူမှုရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိပါတယ်။ ဒီအဆောက်အဦကြီးကို အားလုံးရှင်းလင်းပြီးတဲ့ အထိ ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။
လက်ရှိတွင် ရတနာပုံစျေးရှိ ဆိုင်ခန်းရှင်များအနက် ရတနာမောလ်ရှိ ဆိုင်ခန်းရှင်များ၏ ပစ္စည်းများကို ယနေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအတွင်း သယ်ယူခွင့်ပြုခဲ့ပြီး ကျန်စျေးသူ စျေးသားများ၏ ပစ္စည်းများကို ဝင်ရောက် ကြည့်ရှုစစ်ဆေးခွင့်ပြုခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
“ကျွန်တော်တို့ ရတနာမောလ်မှာ ဖွင့်လှစ်တဲ့ ဆိုင်ခန်းရှင်တွေရဲ့ ပစ္စည်းတွေကို ဒီနေ့မှာ သယ်ယူခွင့်ပေးခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုမရှိတဲ့ ပစ္စည်းတွေကို သယ်ယူနိုင်ခဲ့ ပါတယ်။ အခုလို သယ်ယူခွင့်ပေးတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်”ဟု မန္တလေးရတနာမောလ်မှ ဟိန်းလေးကျောက်မျက်ရတနာ အရောင်းဆိုင်ပိုင်ရှင် ကိုဟိန်းလေးက ပြောသည်။
ရတနာပုံဈေး မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ သွားရောက်ကူညီပေးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစိုးလှိုင် ဝင်းကလည်း “မီးလောင်မှုမှာ ကြက်ခြေနီတပ်ဖွဲ့ဝင် အင်အား ၁၂၀၊ လူနာတင်ယာဉ် ၁၁ စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးနဲ့ ပါဝင်ကူညီခဲ့ပြီး အထဲမှာပိတ်မိနေတဲ့ လူအယောက် ၂၀ ကို ခက်ခက်ခဲခဲကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြုတ်ကျဒဏ်ရာရတဲ့ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးကို ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့သလို မီးခိုးငွေ့မွှန်လို့ မူးမော်ခဲ့သူတွေနဲ့ သံပြားရှသူတွေကို ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးခဲ့ပါ တယ်”ဟု ပြောသည်။
ရတနာပုံစျေး(Sky Walk) မီးလောင်မှုတွင် စုစုပေါင်း မီးသတ်ယာဉ် ၁၉၄ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ အသက်ရှူ ကိရိယာ အလုံး ၅၀၊ မီးခိုးမှုတ်စက် ခြောက်လုံး၊ Engine Cutter ၁၀ လုံး၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေသယ်ယာဉ် ၁၀ စီး၊ မြေတူးစက် လေးစီးတို့ ဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်း များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုအကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို စိစစ်စုံစမ်းဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)