မျက်မှောက်ကာလတွင် ကွန်ပျူတာနည်းပညာနှင့် အွန်လိုင်းအသုံးပြုမှုများဖြင့် လူမှုဘဝကို တည်ဆောက်ရှင်သန်ရပ်တည်လျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငွေရေးကြေးရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝကဏ္ဍပေါင်းစုံတို့တွင် အဆိုပါနည်းပညာများကို အားထားအသုံးပြုလျက်ရှိသည်။ ထို့ကြောင့် အဆိုပါနည်းပညာများကို စဉ်ဆက်မပြတ်အသုံးပြုနိုင်ပြီး လုံခြုံစိတ်ချမှုရှိရန် အထူးလိုအပ်လျက်ရှိသည်။
အကယ်၍ အဆိုပါနည်းပညာများ တစ်စုံတစ်ရာဖောက်ဖျက်ချို့ယွင်းမှုရှိသည်နှင့် လူမှုဘဝပတ်ဝန်းကျင်တွင် အခက်အခဲများ ကျရောက်သွားနိုင်သည့် အခြေအနေများကို သင်ခန်းစာယူစရာများအဖြစ် တွေ့မြင်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘာလုံးဆိုင်ရာ နည်းပညာပိုင်းနှင့်ပတ်သက်သည့် အခက်အခဲတစ်ခုဖြစ်ပေါ်ခဲ့သည်ကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ပြဿနာသည် ကွန်ပျူတာနည်းပညာ ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ဖြစ်သည်ဟု ကနဦးသိရှိရပြီး အဆိုပါပြဿနာကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ မြေပြင်သို့ဆင်းသက်ရပ်နားခဲ့ရပြီး လေကြောင်းခရီးစဉ်များ ခေတ္တရပ်ဆိုင်းခဲ့သည်။
ယခုဖြစ်ခဲ့သည့် ပြဿနာသည် window ကွန်ပျူတာမျက်နှာပြင်အတွက် မှတ်ပုံတင်ထားသည့် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာစနစ်ချို့ယွင်းမှုဖြစ်ပြီး မြန်မာနိုင်ငံ၌ ယင်းစနစ်နှင့်ပတ်သက်၍ မှတ်ပုံတင်လေ့မရှိသောကြောင့် ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။ အဆိုပါပြဿနာကြောင့် လေကြောင်းလိုင်းများသာမက နိုင်ငံတကာရထားခရီးစဉ်များတွင်လည်း သတိပေးမှုထုတ်ပြန်ခဲ့ရသည်။ ထို့အပြင် ဆက်သွယ်ရေးလိုင်းများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုစနစ်များ၊ ဘဏ်များနှင့်ကုန်တိုက်များ၏ ငွေပေးချေမှုစနစ်များအပြင် စီးပွားရေး၊ လူမှုရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ကျန်းမာရေးစနစ်များတွင်ပါ ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါပြဿနာနှင့်သက်ဆိုင်သည့် မိုက်ခရိုဆော့ဖ်ကုမ္ပဏီက အဖြေရှာနေဆဲဖြစ်သည်။
နည်းပညာနှင့်ပြည့်နှက်နေသော ယနေ့ကမ္ဘာတွင် နည်းပညာအစိတ်အပိုင်းများစွာပါဝင်ပြီး ဆန်းသစ်တီထွင်မှုများနှင့်အတူ တိုးတက်ပြောင်းလဲမှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ သယ်ယူပို့ဆောင်ရေးစသည့်ကဏ္ဍပေါင်းစုံတွင် ကွန်ပျူတာနည်းပညာကို အွန်လိုင်းပေါ်မှတစ်ဆင့် ဖြန့်ကြက်ချိတ်ဆက်ပြီး မှီခိုအားထားအသုံးပြုလျက်ရှိရာ ကောင်းကျိုးနှင့် ဆိုးကျိုးများပါ တွဲဖက်ဖြစ်ပေါ်လာတတ်သည်ကို သတိပြုရမည်ဖြစ်သည်။ သဘောသဘာဝအလျောက် ဖြစ်ပေါ်လာတတ်သော နည်းပညာပိုင်းဆိုင်ရာ ပြဿနာများအပြင် မျက်မှောက်ကာလတွင် မသမာသူများက တမင်သက်သက်ဖန်တီးပြုလုပ်သည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ကြုံတွေ့နေရသည်။
ယခင်က လူတို့သည် ပြင်ပကမ္ဘာ အော့ဖ်လိုင်း(Offline) လုံခြုံမှုအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုသာလိုအပ်ပြီး ယခုအခါ ပြင်ပကမ္ဘာ အွန်လိုင်းလုံခြုံမှုကို အထူးဂရုစိုက်ရန် လိုအပ်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ နည်းပညာအသုံးပြုမှုဖြစ်သည့် အွန်လိုင်းခြိမ်းခြောက်မှုများ တစ်နေ့တခြား အရေးကြီးလာသည်နှင့်အမျှ အွန်လိုင်းလုံခြုံရေးသည် လူတို့အတွက် မရှိမဖြစ်လိုအပ်သော အခြေအနေဖြစ်လာသည်။ အကယ်၍ လူတစ်ယောက်သည် မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်များအသုံးမပြုပါက ဆိုက်ဘာဒုစရိုက်မှုများဖြစ်လာမည်မဟုတ်ပေ။ ယခုအခါ လူအများနှင့်သက်ဆိုင်သည့် အချက်အလက်များ သိမ်းဆည်းထားသည့် နည်းပညာစနစ်များရှိလာပြီဖြစ်၍ မသမာသူများ၏ ခိုးယူအသုံးချမှု အန္တရာယ်များရှိလာသည်။
ထို့ကြောင့် အွန်လိုင်းတိုက်ခိုက်မှုအန္တရာယ်များမှ လုံလောက်အောင် အကာအကွယ်ပေးနိုင်မည့် လုံခြုံရေးစနစ်များ တည်ဆောက်ထားရမည်ဖြစ်သည်။ ဆိုက်ဘာလုံခြုံရေးတွင် ဝန်ဆောင်မှုပေးသူနှင့်သုံးစွဲသူအပိုင်းဟူ၍ရှိပါသည်။ ဝန်ဆောင်မှုပေးသူများတွင် အွန်လိုင်းနယ်ပယ်ကို ကြပ်မတ်ကွပ်ကဲနေသောအဖွဲ့အစည်းများ၊ နည်းပညာနှင့် အင်တာနက်ကုမ္ပဏီများ၊ ဒစ်ဂျစ်တယ်လုံခြုံရေးဆောင်ရွက်သူများပါဝင်သည်။ ဝန်ဆောင်မှုပေးသူများသည် အွန်လိုင်းလုံခြုံရေးကို အာမခံနိုင်ရန် ပိုမိုကောင်းမွန်သောနည်းလမ်းများကို ရှာဖွေနေသော်လည်း နောက်ဆုံးတွင်သုံးမည်၊ မသုံးမည်ကို ဆုံးဖြတ်ရမည့်သူများဖြစ်သည်။
ဆိုက်ဘာမှုခင်းများတွင် ကွန်ပျူတာများအတွင်းသို့ ထရိုဂျင်များထည့်ခြင်း၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်၍ အကျပ်ကိုင်ခြိမ်းခြောက်ခြင်း၊ ကွန်ရက်များကို အပိုင်စီးခြင်း၊ ဘဏ်များအတွင်းထိုးဖောက်ပြီး ငွေများခိုးယူခြင်းတို့ပါဝင်သည်။ မည်သည့်ဝက်ဘ်ဆိုက်များသည် အသုံးပြုရန် လုံခြုံမှုရှိသည်ကိုသိခြင်း၊ ပိုမိုလုံခြုံသည့် စကားဝှက်များကိုဖန်တီးခြင်း၊ ကွန်ပျူတာဗိုင်းရပ်စ်သတ်သည့် ဆော့ဖ်ဝဲများ ထည့်သွင်းခြင်းတို့သည် ဆိုက်ဘာတိုက်ခိုက်မှုကိုကာကွယ်သည့် အမူအကျင့်တချို့ဖြစ်သည်။ ဆိုက်ဘာလုံခြုံရေးတွင် ဝန်ဆောင်မှုပေးသူတို့၏ အခန်းကဏ္ဍမှာ ကျယ်ပြန့်စွာပါဝင်သော်လည်း သုံးစွဲသူအပိုင်းက သတိမူ၍ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။
သို့ဖြစ်ရာ တရားသဘောအရလောကတွင် အစဉ်အမြဲပြောင်းလဲတိုးတက် ဖြစ်ပေါ်လျက်ရှိရာ ရုပ်ဝတ္ထုသဘောအရ ချို့ယွင်းပျက်စီးခြင်းတို့လည်းရှိမည်ဖြစ်သည်။ ပြောင်းလဲတိုးတက်နေသော လူ့ဘောင်လောကတွင် ကွန်ပျူတာနည်းပညာနှင့် အွန်လိုင်းနည်းပညာတို့ကို မဖြစ်မနေအသုံးပြုနေကြသည်ဖြစ်ရာ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကိုလည်း သတိပြု၍ ကြိုတင်ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများကို အစဉ်အမြဲရှာဖွေဖော်ထုတ်ပြီး လူသားအကျိုးပြု ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်ရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ။