Skip to main content

မော်လမြိုင်ကမ်းနားလျှောက်လမ်း (Mawlamyine Strand Walking Street) ဖွင့်ပွဲအခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပ

မော်လမြိုင်      ဇန်နဝါရီ           ၁၉

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (Culture Show) ယဉ်ကျေးမှု ဖျော်ဖြေရေးများပါဝင်သည့် Mawlamyine Strand Walking Street (မော်လမြိုင်ကမ်းနားလျှောက်လမ်း) ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ ညနေ ၄ နာရီက  စည်းကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ (Mawlamyine Strand Walking Street) မော်လမြိုင်ကမ်းနားလျှောက်လမ်းမုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသထွက် တိုင်းရင်းသားရိုးရာ အစားအစာများ၊ အဝတ်အထည်များ၊ အမှတ်တရပစ္စည်းများ၊ မုန့်ပဲသရေစာများနှင့် ဒေသထွက်သီးနှံများ ရောင်းချနေမှု ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို (Culture Show) စင်မြင့်ရှေ့တွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်သူများ စိတ်အပန်းပြေစေရန်၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့် တင်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ (Mawlamyine Strand Walking Street) မော်လမြိုင်ကမ်းနားလျှောက်လမ်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်း/ပြည်ပ ခရီးသွားများနှင့် မိဘပြည်သူများ အနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ် ကျေးမှုဓလေ့ထုံးစံများကို ကြည့်ရှုခံစားနိုင်ရန်အတွက် (Culture Show) ကိုလည်း ထည့်သွင်းထားပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအလှများ၊ ချင်းမိုင်-လန်နားယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်ပြီး အက အဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ (Mawlamyine Strand Walking Street) မော်လမြိုင်ကမ်းနားလျှောက်လမ်းကို နေ့စဉ် မွန်းလွဲ ၃ နာရီမှ ည ၁၀ နာရီခွဲအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဝေလင်း(ပြန်/ဆက်)