Skip to main content

ပညာရေးကို အားပေးမြှင့်တင် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထူးချွန်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် (Grade – 12) စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူဦးရေ ၁၂၈၈၂၀ ရှိပြီး စာမေးပွဲအောင်မြင်သူ ၇၄၅၉၂ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ ၁၁ ဦး၊ ဝိဇ္ဇာဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ ၁၀ ဦး၊ ဝိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ ၁၀ ဦး ရှိပြီး ဘာသာစုံဂုဏ်ထူးရရှိသူမှာ စုစုပေါင်း ၅၀၇ ဦးရှိသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာပြီဖြစ်၍ နိုင်ငံအနာဂတ်အတွက် အားတက်ဖွယ်ဖြစ်သည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ထူးခြားချက်မှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဖြေဆိုခွင့်မရသူမရှိစေရေးအတွက် ပုံမှန် ပြုလုပ်လေ့ရှိသော မတ်လစာမေးပွဲအပြင် ဧပြီလနှင့် မေလတွင်လည်း အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စာမေးပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။ ကျောင်းသား ကျောင်းသူများ စိတ်အားထက်သန်မှုအပေါ် နိုင်ငံတော်က လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် အောင်ချက်ရာခိုင်နှုန်းမြင့်မားသည့်အပြင် ထူးချွန်သူများစွာ ပေါ်ထွက်လာသည်။ နိုင်ငံတော်အစိုးရက လူငယ်လူရွယ်များ အနာဂတ်နှင့် ပညာရေးကို အားပေးမြှင့်တင်သည့်အနေဖြင့် ယခုနှစ်တွင် တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရရှိသူအားလုံးကို “နိုင်ငံတော်အဆင့်” “ပထမအကြိမ်” ဂုဏ်ပြုချီးမြှင့်ခြင်းအဖြစ် ဘာသာစုံဂုဏ်ထူးရှင် ၅၀၇ ဦးကို ရွှေစင်ငါးမူးသားဒင်္ဂါးပြားများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံ ပညာရေးသမိုင်းကြောင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများနှင့်ပတ်သက်၍ ပထမဆုံးရရှိခဲ့သည့် ဂုဏ်ပြုချီးမြှင့်ခံရမှုဖြစ်သည်။ ယခင်က တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံး ကျောင်းသား ကျောင်းသူများနှင့် အဆင့် (၁) မှ အဆင့် (၁၀) ဝင် ကျောင်းသား ကျောင်းသူများကို သက်ဆိုင်ရာဒေသ၊ အဖွဲ့အစည်းအလိုက် ဂုဏ်ပြုချီးမြှင့်လေ့ရှိသည်။ ယခုအခါ ဘာသာစုံဂုဏ်ထူးရရှိသူ ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုချီးမြှင့်လိုက်သဖြင့် ကျန်ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း အတုယူအားကျပြီး နှစ်စဉ် နှစ်တိုင်း ပညာရေးတွင် ထူးချွန်ထက်မြက်သူများ ပိုမိုပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။

ထူးချွန်ထက်မြက်သော ကျောင်းသားတစ်ယောက်ဖြစ်လာရန်မှာ လွယ်ကူလှသည်မဟုတ်ပေ။ စနစ်သစ်ပညာရေးအရ အဆင့်ဆင့်ကြိုးပမ်းအားထုတ်ခဲ့ရပြီး ပညာကို နေ့စဉ်နေ့တိုင်း အပတ်တကုတ် ဆည်းပူးလေ့လာခဲ့ရသည်။ ဆရာ ဆရာမများ၏ အလေးထားသင်ကြားပေးမှုများနှင့် ကျောင်းသားများက တစ်နှစ်ပတ်လုံး ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ဂုဏ်ပြုခံထိုက်သူများ ဖြစ်လာရသည်။

နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ကို ချမှတ်ထားပြီး နိုင်ငံသားတိုင်း ပညာသင်ယူမှု အခွင့်အလမ်း သာတူညီမျှရရှိရေးကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ “ပညာရေးဖြင့် နိုင်ငံတော်တိုးတက်ရေး”ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဦးလည်မသုန် ထမ်းဆောင်လျက်ရှိသည်။ ပညာရေးကို နှစ်စဉ် နှစ်တိုင်း အားပေးမြှင့်တင်လျက်ရှိရာ ယခုနှစ်တွင် ဘာသာစုံဂုဏ်ထူးရရှိသူများအား နိုင်ငံတော်အဆင့် ထူးခြားသောဂုဏ်ပြုမှုအပြင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ရမှတ်အများဆုံးရရှိသူ ကျောင်းသား ကျောင်းသူ ၃၀ ကို ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်သွားရောက်နိုင်ရန် စီစဉ်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဘာသာတွဲအလိုက် ရမှတ်အများဆုံးရရှိခဲ့သည့် ကျောင်းသားများကို ဒေသန္တရဗဟုသုတများ ရရှိရန်၊ မိမိနိုင်ငံနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် ပြည်တွင်းလေ့လာရေးခရီးစဉ်များသာမက နိုင်ငံတကာအတွေ့အကြုံများရရှိစေရန် ပြည်ပလေ့လာရေးခရီးစဉ်များကိုပါ စေလွှတ်ပေးခဲ့သည်ကို တွေ့မြင်ရသည်။ ထိုသို့ချီးမြှင့်ဆောင်ရွက်ပေးခြင်းသည် မျိုးဆက်သစ်လူငယ်မောင်မယ်များကို စိတ်ဓာတ်ခွန်အားများရရှိစေပြီး အခြားကျောင်းသားလူငယ်များကိုလည်း အတုယူအားကျစိတ် ဖြစ်ပေါ်လာစေရန်၊ ပညာကိုအစဉ်တစိုက်ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံအကျိုးပြု သားကောင်းရတနာများ ပေါ်ထွက်လာစေရန်အတွက် နိုင်ငံတော်အစိုးရက ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် အားပေးမြှင့်တင် ဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း။ ။