Skip to main content

မေတ္တာလွှမ်းခြုံ လူ့ဘုံခန်းဝါ

ပစ္စုပ္ပန်တွင် မိမိတို့ရှင်သန်နေထိုင်ကြရသည့် ကမ္ဘာကြီးသည် အမျက်ဒေါသတို့ တောက်လောင်ပိတ်ဖုံးနေသည့်ကမ္ဘာဟုပင် ထင်စရာဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်းပညာခေတ်တွင် မိမိပတ်ဝန်းကျင်မှသည် ကမ္ဘာတစ်ခွင်လုံးအထိ မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှတို့မှာ ဒေါသတို့ဖြင့် ကြမ်းတမ်းခက်ထန်နေသည်။ အမျက်ဒေါသဟူသည် သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို စင်စစ်ပြုတတ်သော ရန်သူစစ်စစ်ဖြစ်၏ဟု ဒေါသကထာတွင် ဖွင့်ဆိုထားသည်။ ကမ္ဘာပျက်သောအခါ တောက်လောင်သော ကမ္ဘာဖျက်မီးသည် ပူပန်လှ၏ဟုဆိုသည့်တိုင် ဒေါသတည်း ဟူသောမီးမှာမူ ကမ္ဘာဖျက်မီးမျှမက သာလွန်၍ ပူပန်စေတတ်သည်ဟုလည်း ဆိုသည်။

အန္တရကပ်သုံးပါးတို့တွင် သတ္တဝါတို့ ရာဂထူပြောသည့်အခါ ဒုဗ္ဘိက္ခန္တရကပ် ငတ်မွတ်ခြင်းဘေးသင့်သည်။ ဒေါသထူပြောသည့်အခါ သတ္တန္တရကပ် လက်နက်အန္တရာယ်ဘေးသင့်သည်။ မောဟထူပြောသည့်အခါ ရောဂန္တရကပ်အနာရောဂါနှိပ်စက်ခြင်း ဘေးသင့်သည်။ ယနေ့ကမ္ဘာတွင် အန္တရကပ်သုံးပါးတို့ ကျရောက်ရခြင်းတို့၏ အကြောင်းရင်းလက်သည်မှာ ရာဂ၊ ဒေါသ၊ မောဟတို့ပင်ဖြစ်သည်ဟု ရှေးဆရာတို့ကဆိုသည်။ ဒေါသအရင်းခံဖြင့် ကြမ်းတမ်းခက်ထန်နေသည့် ကမ္ဘာ၊ ပူပြင်းတောက်လောင်နေသည့်ကမ္ဘာကို ငြိမ်းချမ်းအေးမြစေရန်မှာ ဒေါသ၏ အပြစ်တို့ကို ကောင်းစွာရှုမြင်ဆင်ခြင်၍ မေတ္တာအငြိမ်းဓာတ်ဖြင့် ငြှိမ်းသတ်နိုင်ကြရန်ပင်ဖြစ်သည်။ မေတ္တာနှင့် ဒေါသတို့သည် တစ်ခုအားကြီးပါက တစ်ခုမနေနိုင်၊ ရေနှင့်မီးကဲ့သို့ မရောနှောကြသည်ဖြစ်ရာ ဒေါသ၏ကင်းကွာရာ မေတ္တာတရားကို အဖန်ဖန်ပွားများ အားထုတ်ကြရမည်ဖြစ်သည်။

မြတ်စွာဘုရားသခင်သည် အင်္ဂုတ္တရနိကာယ် ဧကာဒသနိပါတ်၌ “ရဟန်းတို့၊ စိတ်၏ကိလေသာမှ လွတ်ကြောင်းဖြစ်သော မေတ္တာကို မှီဝဲအပ်သည်ရှိသော်၊ ပွားစေအပ်သည်ရှိသော်၊ အကြိမ်များစွာ ပြုအပ်သည်ရှိသော်၊ စီးသောယာဉ်ကဲ့သို့ ပြုအပ်သည်ရှိသော်၊ တည်ရာကဲ့သို့ ပြုအပ်သည်ရှိသော်၊ မေတ္တာမှ မကွာစေအပ်သည်ရှိသော်၊ လေ့ကျက်အပ်သည်ရှိသော်၊ ကောင်းစွာအားထုတ်အပ်သည်ရှိသော်၊ တစ်ဆယ့်တစ်ပါးကုန်သော အကျိုးဆက်တို့ကို အလိုရှိအပ်ကုန်၏။ တစ်ဆယ့်တစ်ပါးတို့ဟူသည် အဘယ်သည်တို့နည်းဟူမူကား ချမ်းသာစွာအိပ်ရ၏။ ချမ်းသာစွာ နိုးကြားရ၏။ မကောင်းသော အိပ်မက်ကို မမြင်မက်နိုင်။ လူတို့၏ချစ်ခြင်းသည်ဖြစ်၏။ နတ်၊ ဘီလူးအစရှိသည်တို့၏ ချစ်ခြင်းသည်ဖြစ်၏။ နတ်တို့သည် စောင့်ကုန်၏။ ထိုမေတ္တာတရားကို ပွားများလေ့ရှိသော ပုဂ္ဂိုလ်အား မီးသည်လည်းကောင်း၊ အဆိပ်သည်လည်းကောင်း၊ ဓား၊ လက်နက်သည်လည်းကောင်း၊ မလောင်မတက်မစူးမဝင်နိုင်။ ပျံ့လွင့်သောစိတ်သည် တည်ကြည်၏။ မျက်နှာအရေအဆင်းသည် ကြည်လင်၏။ မတွေဝေသည်ဖြစ်၍ စုတိစိတ်ကျရ၏။ တရားအထူးကို ထိုးထွင်း၍ မသိနိုင်ငြားအံ့၊ ဗြဟ္မာ့ပြည်သို့ ကပ်ရသည်ဖြစ်၏။ ရဟန်းတို့ စိတ်၏ ကိလေသာမှ လွတ်ကြောင်းဖြစ်သော မေတ္တာကိုမှီဝဲအပ်သည်ရှိသော်၊ ပွားစေအပ်သည်ရှိသော်၊ အကြိမ်များစွာ ပြုအပ်သည်ရှိသော်၊ စီးသောယာဉ်ကဲ့သို့ ပြုအပ်သည်ရှိသော်၊ တည်ရာကဲ့သို့ ပြုအပ်သည် ရှိသော်၊ မေတ္တာမှ မကွာစေအပ်သည်ရှိသော်၊ လေ့ကျက်အပ်သည်ရှိသော်၊ ကောင်းစွာအားထုတ်အပ်သည်ရှိသော်၊ တစ်ဆယ့်တစ်ပါးကုန်သော ဤအကျိုးဆက်တို့ကို အလိုရှိအပ်ကုန်၏။” ဟု ဟောကြားတော်မူခဲ့သည်။

မေတ္တာတရားပွားများလေ့ရှိသောပုဂ္ဂိုလ်သည် ဤတစ်ဆယ့်တစ်ပါးကုန်သောအကျိုးတို့ကို မုချရရာ၏ဟူ၍ သဗ္ဗညုဘုရားရှင်ဟောကြားတော်မူသည်ဖြစ်ရာ ဝေနေယျသတ္တဝါ အပေါင်းတို့၏အကျိုးကို ဖျက်ဆီးတတ်သော ဒေါသကို မေတ္တာဖြင့်ပယ်သတ်၍ မိမိနှင့်တကွ အလုံးစုံသောလောကကို ငြိမ်းချမ်းသာယာနိုင်ပါစေကြောင်း။ ။