Skip to main content

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ထူးကဲသောလပြည့်နေ့ အသီးသီးရှိကြရာ၌ ဝါခေါင်လပြည့်နေ့သည် မေတ္တာဓာတ်များလွှမ်းခြုံပတ်၍ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်သည့် နေ့မြတ်ဖြစ်ပေသည်။ ဝါခေါင်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်က မေတ္တသုတ်တရားတော်ကို ထုတ်ဖော်ဟောကြားသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဟူ၍ သတ်မှတ်ခဲ့ကြပြီး ကောင်းမှုအထူးတို့ကို ပြုလုပ်ကြသည်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါက ရဟန်းငါးရာတို့သည် ဝါဆိုဦးအခါ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားများသင်ယူပြီး ဥတုသပ္ပာယမျှတသည့် တောအုပ်တစ်ခုတွင် ပုရိမဝါဆိုကာ တရားအားထုတ်ကြသည်။ ထိုအခါရဟန်းတော်များ၏ သီလတန်ခိုးကြောင့် နတ်တို့သည် သစ်ပင်ဗိမာန်ထက်မှဆင်းပေးရပြီး ရဟန်းတော်များပြန်အကြွကို စောင့်ဆိုင်းနေကြသည်။ ရဟန်းတော်များသည် ထိုအရပ်မှာပင် ဆက်လက်တရားအားထုတ်ကြသဖြင့် နတ်အချို့က ရဟန်းတော်များ ထွက်ပြေးစေရန်ရည်ရွယ်၍ အနံ့ဆိုးများလွှတ်ခြင်း၊ အသံဆိုးများဖြင့် အော်ဟစ်ခြင်း၊ ကြောက်မက်ဖွယ်ရာ အဆင်းမျိုးစုံဖန်ဆင်း၍ ခြောက်လှန့်ခြင်းတို့ကို ပြုလုပ်လာကြသည်။ နတ်တို့၏ အနှောင့်အယှက်ပေးမှုကြောင့် ရဟန်းငါးရာတို့သည် တရားရှုမှတ်၍မရတော့သဖြင့် ဝါတွင်းကာလမှာပင် မြတ်စွာဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ပြန်လာခဲ့ကြသည်။

ဤဝါခေါင်လပြည့်နေ့တွင် မြတ်စွာဘုရားထံသို့ ဆိုက်ရောက်ကြပြီး ကြုံတွေ့ရသည့် အခက်အခဲများကို မြတ်စွာဘုရားရှင်အား လျှောက်ထားကြသည်။ မြတ်စွာဘုရားရှင်က ရဟန်းတို့သည် မေတ္တာကမ္မဋ္ဌာန်းမပွားများကြသည့်အတွက် ရုက္ခစိုးနတ်များနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိ၊ ချစ်ခင်ကျွမ်းဝင်မှုမဖြစ်၍ ရုက္ခစိုးနတ်များ၏ နှင်ထုတ်ခြင်းခံရခြင်းဖြစ်ကြောင်း ဟောကြားတော်မူ၍ ရဟန်းငါးရာတို့ကို မေတ္တာကမ္မဋ္ဌာန်း သင်ပြပေးတော်မူသည်။ မေတ္တာကမ္မဋ္ဌာန်းမှာ မေတ္တသုတ္တံတရားတော် မြတ်ကို ရွတ်ဆိုပွားများခြင်းဖြစ်သည်။

ထို့နောက် ရဟန်းငါးရာတို့သည် မူလတောအုပ်သို့ ပြန်လာပြီး ဝါခေါင်လပြည့် ကျော်(၁)ရက်နေ့တွင် ပစ္ဆိမဝါ (ဒုတိယဝါ) ကပ်ကြသည်။ မြတ်စွာဘုရားရှင် သင်ပြပေးသည့်အတိုင်း ရုက္ခစိုးနတ်များနှင့်တကွ အားလုံးသော ဝေနေယျသတ္တဝါတို့အပေါ်တွင် မေတ္တာဖြန့်ကြက်ပို့လွှတ်ကြသည်။ ရဟန်းတော်တို့ ပို့လွှတ်အပ်သော မေတ္တာဓာတ်ကြောင့် နတ်များက ကြည်ညိုချစ်ခင်လာကြသည်။ ရုက္ခစိုးနတ်အပေါင်းတို့၏ ပြုစုစောင့်ရှောက်မှုဖြင့် ဝါတွင်းအခါကာလပတ်လုံး တရားအားထုတ်ကြရာ ရဟန်းတော်ငါးရာတို့ ရဟန္တာဖြစ်လာကြသည်။ အဆိုပါရဟန်းငါးရာတို့ကို ဝါခေါင်လပြည့်နေ့တွင် မေတ္တသုတ်ဟောကြားတော်မူသည်ကို ရည်မှန်းကာ ယခုအခါ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)ဟူ၍ ကျင်းပပူဇော်ကြသည်။

ဝါခေါင်လပြည့်နေ့တွင် “ယဿာနုဘာဝတော” အစချီသည့် မေတ္တာလက်နက် ပရိတ်စက်၏ တန်ခိုးရှိန်ဇော်အာနုဘော်ကြောင့် လွန်စွာကြမ်းကြုတ်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး တန်ခိုးတိမ်မြူးနတ်ဘီလူးတို့သည် အဆင်းသဏ္ဌာန်အသံအနံ့ဖြင့် ခြောက်လှန့်နှောင့်ယှက် ကြောက်မက်ဖွယ်သောအာရုံတို့ကို မပြုနိုင်ကြ။ ယင်းမေတ္တာလက်နက် ပရိတ်စက်ကိုသာလျှင် လုံ့လလျော့ကင်းမပျင်းမရိဘဲ အခါမလပ်ရွတ်ဖတ်သူသည် ဘေးရန်မသန်းအေးချမ်းသာယာ ကြည်သာရွှင်ပြ အိပ်ပျော်ရ၏။ အိပ်သောအခါ တစ်စုံတစ်ရာ ကြောက်စရာအကြောင်း မကောင်းသောအိပ်မက်ကို မမြင်မက် ဤသို့ကျေးဇူးဂုဏ်နှင့်ပြည့်စုံသော မေတ္တာလက်နက်ပရိတ်စက်သည် နတ်များနှစ် သက်စောင့်ရှောက်တတ်သဖြင့် အန္တရာယ်ဟူသမျှကင်းစေ၏။ စိတ်ဓာတ်လည်းကြည်၊ နောင်တမလွန်ဘဝ ဗြဟ္မပြည်လား ၁၁ ပါးဟု ရပါစေကြောင်း ဆုမတောင်းလည်း မုချအမှန်ရမည့် မေတ္တပရိတ်တော်ဖြစ်သည်။

မေတ္တာကမ္မဋ္ဌာန်းပွားများစီးဖြန်းပြီး အလုံးစုံသော သတ္တဝါအနန္တတို့ ကိုယ်စိတ်နှစ်တန် ဘေးရန်လွတ်ကင်းချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေသတည်း။ မွေးမိခင်သည် ရင်နှစ်သားငယ်အတွက် အသက်ကိုပင်မခင်မင်ဘဲ လွန်ကဲကြင်နာစွာ စောင့်ရှောက်သကဲ့သို့ အလားတူအလုံးစုံသောသတ္တဝါတို့၌ သတ်မှတ်ခွဲခြားပိုင်းခြားခြင်းမရှိ မေတ္တာစိတ်ယိုဖိတ်လျက် ပွားများအပ်၏။ သတ္တဝါအပေါင်းအား ကျဉ်းမြောင်းခြင်း ဖယ်ရှင်းလျက် မေတ္တာစိတ်ကို ပွားများရာ၏။ နိစ္စဓူဝစိတ်ကြည်လင်စွာဖြင့် ကာလပတ်လုံးမေတ္တာစိတ်နှင့်ယှဉ်သော သတိတရားကို  ပွားများအပ်၏။ ဤသာသနာတော်၌ မေတ္တာကိုနှလုံးသွင်း၍ နေထိုင်ခြင်းကို ထူးမြတ်သော နေထိုင်ခြင်းဟု မြတ်စွာဘုရားက ချီးမွမ်းစကားဟောကြားတော်မူသည်။

သို့ဖြစ်ရာ မျက်မှောက်ကာလ ဒေါသ၊ မောဟ၊ လောဘအားကြီးနေသောအခါ၌ လူအချင်းချင်းနှိပ်စက်ခြင်း၊ လှည့်ပတ်ခြင်း၊ ခြောက်လှန့်ခြင်းတို့ ကင်းဝေးစေရန်အတွက် ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)တွင် မြတ်စွာဘုရားရှင် ညွှန်ပြတော်မူသော မေတ္တာကမ္မဋ္ဌာန်းကို ရဟန်းရှင်တို့သာမက များထိုထိုလူတို့ကလည်း စိတ်လက်ကြည်သာစွာ မပြတ်ပွားများအားထုတ်ကြခြင်းဖြင့် ဒုက္ခဆင်းရဲအပေါင်းမှ လွတ်ကင်းပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ပင် ရောက်ရှိနိုင်ပါကြောင်း။ ။