Skip to main content

ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်မာစွာလျှောက်လှမ်းနိုင်ရေးကြိုးပမ်း

တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေးအတွက် လမ်းခင်းပုံဖော်ပေးခဲ့ပြီး ဆက်လက်၍လည်း မှန်ကန်ဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးဖြစ်ပြီး ဆောင်ရွက်ဖွယ်ရာများ အဆင့်ဆင့်ဆောင်ရွက်နေသည်ကို တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်တွင် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟု ဖော်ပြထားသည်။ ယခုအခါ ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးရည်မှန်းချက်ကို ဖော်ဆောင်နေပြီဖြစ်သည်။

လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အကောင်အထည်ဖော်ရာတွင် နိုင်ငံရေးပါတီများ မှန်ကန်စွာပေါ်ထွန်းလာရေးနှင့် ရွေးကောက်ပွဲတွင် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ရွေးကောက်ပွဲဝင်ပြီး နိုင်ငံ့အရေးကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကို ဥပဒေနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ဩဂုတ်လ ၂၅ ရက်နေ့အထိ လျှောက်ထားသည့် ပါတီ ၆၇ ပါတီရှိသည်။ တည်ထောင်ခွင့်ပြုခဲ့သည့်ပါတီ ၅၁ ပါတီရှိပြီး နှစ်ပါတီကို မှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့်အတွက် တည်ဆဲနိုင်ငံရေးပါတီ ၄၉ ပါတီရှိသည်။

နိုင်ငံရေးပါတီ ၄၉ ပါတီအနက် တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီ ကိုးပါတီရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၄၀ ရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရန် ဆောင်ရွက်နေသလို နိုင်ငံရေးပါတီများ လိုအပ်ချက်များကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေသည်။ နိုင်ငံရေးပါတီများအနေဖြင့် မိမိတို့ပါတီကို ခိုင်မာအားကောင်းသော ပါတီတစ်ခုဖြစ်အောင်၊ မဲဆန္ဒရှင်ပြည်သူများက ယုံကြည်အားကိုးသော ပါတီတစ်ခုဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ တိကျမှန်ကန်သောမဲစာရင်းများ ဖြစ်စေရေးအတွက် လာမည့်အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ပြီး ပေါ်ထွက်လာသော လူဦးရေစာရင်းအရ မှန်ကန်မှုရှိသည့် မဲစာရင်းများရရှိနိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ပြီး မဲမသမာမှုသည် မဲဆန္ဒနယ်တစ်ခု၊ နှစ်ခုတွင် ဖြစ်ပေါ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ဒေသအလိုက် တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်ခဲ့သည်။ မဲမသမာမှုတွင် အာဏာရပါတီမှ တာဝန်ရှိသူအချို့ ပါဝင်လုပ်ဆောင်ခဲ့သည်။ မဲမသမာမှုပြုလုပ်ရာတွင် ကြိုတင်မဲ၌ မဲမသမာမှုပြုလုပ်ခြင်း၊ မဲပေးရာတွင် မဲစာရင်းများ မသမာမှုပြုလုပ်ခြင်း စသည့်နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်ခဲ့သည့် အကျည်းတန်အရုပ်ဆိုးသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။

“မိမိတို့အနေဖြင့် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ မှုရလဒ်များ နိုင်ငံတော်ကို ကြေညာပြီးသည့်အချိန်တွင် မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းများ မှားယွင်းမှုမရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးချိန်တွင်လည်း မှန်မှန်ကန်ကန်ဖြစ်စေရေး ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဂုတ်လ ၂၅ ရက်နေ့တွင် မန္တလေးမြို့တော်ခန်းမ၌ ပြောကြားခဲ့သည်။

သို့ဖြစ်ရာ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ရပ်တည်နိုင်ရေးကို စနစ်တကျ အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံတော်အား မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိရန်အတွက်လည်း လုပ်ဆောင်သင့်သည်များကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရည်မှန်းထားသည့်အတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်နှင့် လူမျိုးအပေါ် အမှန်တကယ်နားလည်သူများ ပူးပေါင်းလက်တွဲပြီး ပြည်သူများအားလုံးကလည်း ပါဝင်ဆောင်ရွက်ကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။ ။