နေပြည်တော် ဩဂုတ် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးသည်။
ဦးစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမတွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များဆောင်ရွက်လျက်ရှိမှု၊ EAO အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်နေမှုအခြေအနေများနှင့် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုအခြေအနေများ၊ အများပြည်သူသွားလာလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ တံတားများ၊ မီးရထားလမ်းများနှင့် ဆက်သွယ်ရေးတာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုအခြေအနေများ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရေရှည်အတွက်ထည့်သွင်းစဉ်းစား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များလုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေရန်လိုကြောင်း၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ နယ်မြေလုံခြုံတည်ငြိမ်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်များတိုးတက်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်သည့် သတင်းများ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုအပ်မှုနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ရင်းနှီးနွေးထွေးစွာမေးမြန်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လက်ဆောင်ပစ္စည်းများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့်အဖွဲ့ဝင်များသည်လည်း ဆေးရုံအမျိုးသမီးကုသဆောင်၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအားမေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်