Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)သို့ သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် စက်တင်ဘာ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ်စေတီတော်(ရန်ကုန်)သို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စွယ်တော်မြတ်စေတီတော်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီး ဆွမ်းကပ်လှူပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်ကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည်အလှူငွေများနှင့်  စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မြတ်ဗုဒ္ဓ၏စွယ်တော်ပွားကို ဖူးမြော်ကြည်ညိုကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်၍ စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုကာ စေတီတော်မြတ်ကြီး အမြဲသန့်ရှင်းသာယာပြီး ကြည်ညိုဖွယ်ဖြစ်နေစေရေးအတွက် ဆောင်ရွက်ရန်၊ စေတီတော်ကြီးရင်ပြင်တော်သန့်ရှင်းရေးအပါအဝင် ဘက်စုံပြုပြင် မွမ်းမံရန်လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီးရှိ ခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒအား သွားရောက် ဖူးမြော်ကြည်ညို၍ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို တင်ပြလျှောက်ထားကာ ဆရာတော်ကြီး၏ မိန့်ကြားမှုများကို နာယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။