Skip to main content

စုစည်းညီညွတ်သောအင်အားဖြင့် မြန်မာနိုင်ငံစွမ်းပကားထုတ်ဖော်ပြသ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကြီး ခရီးတစ်ဝက်နီးပါးတိုင် ချောမွေ့စွာဆောင်ရွက်နိုင် ပြီဖြစ်သည်။ ကျန်ရှိသောခရီးတစ်ဝက်တွင် အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ချောမွေ့စွာ ပြီးမြောက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်သဖြင့် လုပ်ငန်းစဉ်ကြီး ချောမွေ့အောင်မြင်စွာပြီးဆုံးနိုင်ရန် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် မဖြစ်မနေလိုအပ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တို့အရ မြေပြင်သန်းခေါင်စာရင်းကောက်ယူမှုအချို့၌ အခက်အခဲများ၊ စိန်ခေါ်မှုများရှိမည်ဖြစ်သည်။ အဓိကစိန်ခေါ်မှုမှာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးပြုလုပ်နေကြသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏ ပယောဂကြောင့်လည်းကောင်း၊ အကြမ်းဖက်သမားများ၏ အန္တရာယ်ကြောင့်လည်းကောင်း အနှောင့်အယှက်အဟန့်အတားများ ရှိနိုင်ပေသည်။

သို့သော် လုပ်ငန်းစဉ်ကြီးအောင်မြင်ရေးအတွက် လုံခြုံရေးကိုအထူးဂရုစိုက်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး စီမံချက်ပါအတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံဆောင်ရွက်နိုင်ရန်၊ အိမ်ထောင်စုများအားလုံး တစ်ယောက်မကျန် စာရင်းကောက်ယူနိုင်ရန်၊ ကောင်းမွန်စွာ ထိတွေ့ဆက်ဆံပြီး မေးမြန်းသမျှအပေါ်တွင်လည်း မှန်ကန်ပြည့်စုံစွာ ဖြေကြားပေးနိုင်ရန်နှင့်လိုအပ်သည့် ကိန်းဂဏန်းအချက်အလက်များ ပြည့်ပြည့်ဝဝရရှိစေရန် အမျိုးသားရေးလုပ်ငန်းစဉ်ကြီးတွင် ပါဝင်ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများအားလုံးနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအားလုံးအနေဖြင့် ကြုံတွေ့နိုင်သည့်စိန်ခေါ်မှုများကိုနားလည်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို ယူထားသည့်ကာလအတွင်း အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး အခက်အခဲတိုင်းကို မဖြစ်မနေကျော်လွှားကာ ရည်မှန်းချက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကြိုတင်မြော်တွေးနိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းအဖြေရှာ ဆောင်ရွက်နိုင်မှုများဖြင့် စိန်ခေါ်မှုများကို ကျော်လွှားလျက်ရှိသည်။ ကောက်ယူရရှိထားသော တိကျမှန်ကန်သည့် အချက်အလက်များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည့်အပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ပြည်သူအားလုံး၏ ဆန္ဒဖြစ်သော စည်းကမ်းပြည့်ဝနည်းလမ်းကျနသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံ၏ပကတိအခြေအနေ၊ နိုင်ငံအတွင်း နေထိုင်သူများ၏ ဒေသအလိုက်၊ အသက်အပိုင်းအခြားအလိုက်၊ မြို့ပြကျေးလက်အလိုက် လူဦးရေအရေအတွက်ကို ရရှိခြင်းသာမက ပညာအရည်အချင်း အလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက် လူဦးရေကို ခွဲခြားသိနိုင်ပြီး ထိုမှတစ်ဆင့် နေရာဒေသအလိုက် လိုအပ်သည့်အစီအမံများကို ချမှတ်နိုင် ရန်အတွက် လူသားအရင်းအမြစ်များကို ဖန်တီးပေးခြင်းအပြင် သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူစောင့်ရှောက်ရေး၊ လူမှုဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သူများ ကယ်ဆယ်ရေးစသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကြီးကို ငွေအင်အား၊ လူအင်အား၊ ကျွမ်းကျင်မှုအင်အားများအပြင် စေတနာအား၊ စိတ်ဓာတ်ခွန်အားများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခု ဆောင်ရွက်နေသော အမျိုးသားရေးလုပ်ငန်းစဉ်ကြီးသည် နိုင်ငံတကာမှ အကူအညီ များမပါဝင်ဘဲ မိမိနိုင်ငံ၏ ကိုယ်ပိုင်အင်အားများဖြင့် စွမ်းဆောင်နိုင်ခဲ့သည်ဟူသော သမိုင်းမှတ်တိုင်တစ်ခုကို မှတ်ကျောက်တင်နိုင်အောင် အားလုံးပူးပေါင်းပါဝင် ဝိုင်းဝန်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပြည်တွင်း/ပြည်ပ အဖျက်သမားများ နှောင့်ယှက်မှုများကို ကျော်လွှားပြီး လုပ်ငန်းစဉ်ကြီး ပြီးဆုံးအောင်မြင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး၏ ညီညွတ်သောအင်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မဖြစ်မနေ အခြေခံအသုံးပြုရမည့် ကိန်းဂဏန်းများ၊ အချက်အလက်များ၊ အကြောင်းအရာများကို ကွင်းဆင်းကောက်ယူနေသည့် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း အမျိုးသားရေးလုပ်ငန်းစဉ်ကြီး ပြီးဆုံးအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပြီး ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ စွမ်းပကားများကို ပြသကြရမည်ဖြစ်ပါကြောင်း။ ။