Skip to main content

ယာဉ်ကြောင့်ဖြစ်သည့်ဘေးမှ ကင်းဝေးကြစေရာ

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ယာဉ်တိုက်မှုသုံးမှု အတွင်း လူငါးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည့် သတင်းများကို ဖတ်ရှုလိုက်ရသည်။ ယာဉ်တိုက်မှုဟု ဆိုရာတွင် ဖြစ်စဉ်နှစ်ခုမှာ မော်တော်ဆိုင်ကယ်တိုက်မှုဖြစ်၍ ကျန်တစ်မှုမှာ လူများတင်ဆောင်မောင်းနှင်လာသော အရှိန်မထိန်းနိုင်သည့်ကားက လမ်းဘေးတွင် ရပ်ထားသည့်ကားကို နောက်မှဝင်တိုက်မိခြင်းဖြစ်ပြီး သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူ ၁၀ ဦးအထိ ရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ယာဉ်တိုက်မှုစုစုပေါင်း ၃၂၃၄ ကြိမ် ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ ၄၇၀၆ ဦးနှင့် သေဆုံးသူ ၁၆၇၆ ဦး ရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် အလားတူကာလအတွင်း ယာဉ်တိုက်မှု စုစုပေါင်း ၄၀၅၀ ဖြစ်ပွားခဲ့ရာ ယခင်နှစ်နှင့် ယခုနှစ် ကာလတူချင်း နှိုင်းယှဉ်ပါက ယခုနှစ်တွင် ယာဉ်တိုက်မှု ၈၀၀ ကျော် လျော့ကျသွားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အချက်အလက်များအရ သိရှိရသည်။ မြန်မာနိုင်ငံတွင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (NRSC) က ထုတ်ပြန်သည့် အချက်အလက်များ၊ နှစ်ချုပ်အစီရင်ခံစာများအရ ၂၀၁၈ ခုနှစ်မှစ၍ ယာဉ်တိုက်မှု၊ ဒဏ်ရာရ၊ သေဆုံးမှုများ နှစ်အလိုက် တောက်လျှောက်လျော့နည်းကျဆင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် လတစ်လချင်းအလိုက် အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့သည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျဆင်းလျက်ရှိရာ ၂၀၂၁ ခုနှစ်တွင် လူ တစ်သိန်းလျှင် ၁၅ ဦးနှုန်းအထိ ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံတွင် ၅ ဒသမ ၇၁ ဦးနှုန်းအထိ ကျဆင်းခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်ဘီး၊ သုံးဘီးတပ်ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းသည် ၂၁ ရာခိုင်နှုန်းသာရှိသော်လည်း အရှေ့တောင်အာရှဒေသနိုင်ငံများတွင် ၄၈ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံတွင် ၄၅ ရာခိုင်နှုန်းရှိနေသည်မှာ သတိပြုဖွယ်ပင်ဖြစ်သည်။ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကို ဆယ်စုနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာတွင် ပထမဆယ်စုနှစ် (၂၀၁၁-၂၀၂၀) ၏ ရည်မှန်းချက်ကို ပြည့်မီအောင် နိုင်ငံပေါင်း ၁၀ နိုင်ငံကသာ ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာအပါအဝင် ကျန်နိုင်ငံအများစုက ဆောင်ရွက်နိုင်ခြင်းမရှိခဲ့။ ယခုကာလသည် ဒုတိယဆယ်စုနှစ်ကာလ (၂၀၂၁-၂၀၃၀) ဖြစ်ပြီး ရည်မှန်းချက်အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေကို တွက်ချက်မှုအခြေခံနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် သေဆုံးမှု၏ထက်ဝက်သို့ လျှော့ချနိုင်ရန် ဆောင်ရွက်ရေးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှု ၁၂၉၇၃ မှု၊ သေဆုံးသူ ၄၄၁၀၊ ဒဏ်ရာရသူ ၁၈၆၂၀ ရှိခဲ့ရာ ၁၀ နှစ်တာကာလ ကြိုးပမ်းမှုဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှု ၆၀၀၀ ကျော် ခန့်၊ သေဆုံးသူ ၂၂၀၀ ခန့်၊ ဒဏ်ရာရသူ ၉၀၀၀ ခန့်အထိ လျော့ကျ သွားစေရန် ရည်မှန်းထားခြင်းဖြစ်သည်။

အဆိုပါရည်မှန်းချက် အောင်မြင်စေရန်အတွက် NRSC က Quick Win အစီအမံ (၅) ရပ်နှင့် လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၃၀) တို့ကို ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးမဏ္ဍိုင်ကြီး ငါးရပ်ဖြစ်သည့် (၁)ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု၊ (၂) ပိုမိုအန္တရာယ်ကင်းသော လမ်းများနှင့် ယာဉ်သွားလာမှု၊ (၃) ပိုမိုအန္တရာယ်ကင်းသော ယာဉ်များ၊ (၄) ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများ၊ (၅) ယာဉ်တိုက်မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှုတို့အပြင် WHO က ပြုစုထားသည့် ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စီမံချက်ပါ Voluntary Targets ၁၂ ချက်တို့ကို အခြေခံ၍ ပြုစုရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိရာ ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူတိုင်းက အလေးထားလိုက်ပါဆောင်ရွက်ကြရန်လိုသည်။ အထူးသဖြင့် ဆိုင်ကယ်စီးသူတိုင်း အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ် စနစ်တကျ ဆောင်းရန်၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန်၊ မူးယစ် သောက်စားပြီး ယာဉ်မမောင်းရန်၊ ယာဉ်မောင်းနှင့် ယာဉ်စီးသူအားလုံး ထိုင်ခုံခါးပတ် ဝတ်ဆင်ရန်၊ သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းရန်ဟူသော အစီအမံငါးရပ်ကို လိုက်နာခြင်းဖြင့် ယာဉ်ကြောင့်ဖြစ်သည့် ဘေးအပေါင်းမှ ကင်းဝေးနိုင်ကြပါစေကြောင်း။ ။