Skip to main content

ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ သင်ခန်းစာယူစရာများကို လေ့လာသိမြင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို ပြည်တွင်း၊ ပြည်ပမှ ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ (ယနေ့) မှစ၍ လေ့လာဖတ်ရှုနိုင်ပြီဖြစ်သည်။ ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသော အရေးကြီးသည့်အခင်းအကျင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် စစ်မှန်သောရလဒ်များ ပေါ်ထွက်လာမှသာလျှင် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ပေလိမ့်မည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည့်မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ တွေ့ရှိချက်များကို စုံလင်စွာလေ့လာကြည့်ရှုနိုင်ပြီး အမှား၊ အမှန်၊ အကောင်း၊ အဆိုးတို့ကို ကွဲကွဲပြားပြား သိရှိနိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံအတွက် အလွန်အကျည်းတန်ရုပ်ဆိုးသော မဲမသမာမှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၌ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ရွေးကောက်ပွဲများ ပြုလုပ်ခဲ့သည်။ ထိုကာလများတွင်လည်း မဲမသမာမှုများရှိခဲ့သော်လည်း မဲဆန္ဒနယ် အနည်းအကျဉ်း၌သာ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်အောင် ပြုလုပ်ခဲ့ကြသူများသည် ၎င်းတို့၏ သက်ဆိုင်ရာ ရွေးကောက်ခံမဲဆန္ဒနယ်တစ်ခုတည်းတွင်သာမကဘဲ ဒေသတစ်ခုလုံးတွင် အနိုင်ရရှိအောင် မဲမသမာမှုများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ မဲမသမာမှုများကို ပြန်လည်စိစစ်ခဲ့ချိန်တွင် မဲစာရင်းအချိုးအရ ပဲခူးတိုင်းဒေသကြီးတွင် မဲစာရင်းမှားယွင်းမှုအများဆုံးဖြစ်နေသည်ကို တွေ့ရသည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မဲမသမာမှုများကို စိစစ်တွေ့ရှိခဲ့ရသည်။

ရွေးကောက်ပွဲကို ဦးဆောင်ပြုလုပ်သူများသည် ၎င်းတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များသာမက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးအတိုင်းအတာအထိ မဲမသမာမှုများကို ပြုလုပ်ခဲ့ကြသဖြင့် ရွေးကောက်ပွဲတွင် မဲမသမာမှုကျူးလွန်သည့် အတိမ်အနက်အလွန်ကြီးမားသည်။ ထို့ကြောင့် ကျူးလွန်ခဲ့သည့်ပါတီအား ရွေးကောက်ပွဲဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့ပြီး မဲမသမာမှုတွင် တာဝန်ရှိသူများသည် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (CEC) များဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း ကျူးလွန်ခြင်းမဟုတ်ဘဲ အဖွဲ့လိုက်ကျူးလွန်ခဲ့ကြသည်။ ယခုအခါ အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားအောင် ဆောင်ရွက်လျက်ရှိသည်။

လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိကဆောင်ရွက်သွားမည်ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် အီလက်ထရွန်နစ်မဲပေးစက်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင်လည်း အဆိုပါမဲပေးစနစ်ကို ကျင့်သုံးလျက်ရှိသည်။ ယခုအခါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရှေ့ပြေးလုပ်ငန်းဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို နိုင်ငံလူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူခဲ့ပြီး ကောက်ယူရန်ကျန်ရှိသည့် နေရာများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်စာရင်း ကောက်ယူနိုင်မည်ဟု ခန့်မှန်းထားသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများမှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ရာ တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာရန်လိုအပ်သည်။ တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေးအတွက် အချိုးကျကိုယ်စားပြုစနစ်(PR) စနစ်ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်သည်။ ထို့ကြောင့် စည်းကမ်းပြည့်ဝသည့် စစ်မှန်သောရွေးကောက်ပွဲစနစ် အောင်မြင်စွာပေါ်ထွန်းလာအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မှန်ကန်စွာစိစစ်ဖော်ထုတ်ထားသည့် “မဲမသမာမှုများနှင့် တရားမဲ့ ပြုကျင့်မှုများ” ကို စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို တန်ဖိုးထားသော ပြည်တွင်း၊ ပြည်ပမှ အများပြည်သူတို့က မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ရုရုား၊ ဂျပန် ဘာသာစကားငါးမျိုးနှင့် လေ့လာကြည့်ရှုနိုင်ပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သင်ခန်းစာယူစရာများကို လေ့လာထုတ်ဖော်သိရှိနိုင်မည် ဖြစ်ပါကြောင်း။ ။