ယနေ့သည် နတ်တော်လဆန်း ၁ ရက်နေ့ဖြစ်သည်။ နတ်တော်လတွင် ရှေးမြန်မာဘုရင်တို့သည် စစ်ဘက်၊ စာပေဘက်၊ အုပ်ချုပ်ရေးဘက်တို့၌ ထူးချွန်သော ပညာရှင်များ၊ မင်းညီမင်းသားများ၊ မှူးမတ်စသည်တို့ကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့်လေ့ရှိသည်။ ထိုသို့ ဘွဲ့နှင်းသဘင်ပွဲဆင်ယင်ကျင်းပခြင်းဖြင့် နိုင်ငံတော်တွင် စစ်သူရဲကောင်း၊ စာပေသူရဲကောင်း၊ အုပ်ချုပ်စီမံထူးချွန်သူများ ထွက်ပေါ်လာအောင် ဖန်တီးရာရောက်သဖြင့် တိုင်းပြည်အတွက် အကျိုးရှိသောအစဉ်အလာဖြစ်သည်။
အထူးသဖြင့် နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့ဟူ၍ မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ်၊ ခရစ်နှစ် ၁၉၄၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ နတ်တော်လဆန်း ၁ ရက်နေ့တွင် စာဆိုတော်ကြီးများ၊ စာပေသူရဲကောင်းများကို ဂုဏ်ပြုသောအားဖြင့် စာပေဆုနှင်းသဘင်ပွဲများ၊ စာဆိုတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲများ၊ စာပေဟောပြောပွဲများ ကျင်းပလေ့ရှိသည်။ ၁၉၄၀ ပြည့်နှစ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုနှင့် ဂျာနယ်ကျော် ဦးချစ်မောင်တို့ ဦးဆောင်ဦးရွက် ကမကထပြုမှုဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်း ဖွဲ့စည်းဖြစ်ပေါ်လာပြီးနောက် ၁၉၄၄ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့ဟု စတင်သတ်မှတ်ခဲ့သည်။
စာဆိုတော်နေ့ကျင်းပခြင်းသည် ခေတ်အဆက်ဆက် သမိုင်းတစ်လျှောက်တွင် မြန်မာစာပေဖွံ့ဖြိုးလာစေရန်အတွက် နှလုံးရည်စွမ်းပကားဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုများ၏ကျေးဇူးကို အသိအမှတ်ပြုဂုဏ်ပြုခြင်းပင်ဖြစ်သည်။ အစဉ်အလာကြီးမားပြီး ဂုဏ်ရှိန်ထည်ဝါမြင့်မားလာစေခဲ့သော မြန်မာစာပေလောက ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် စာဆိုတော်ကြီးများ၊ စာပေပညာရှင်ကြီးများက မြန်မာစာပေကို အပတ်တကုတ်ပြုစုရေးသား စွမ်းဆောင်ကြသကဲ့သို့ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စေတနာရှင်လူပုဂ္ဂိုလ်များ၏ အားပေးချီးမြှောက်မှုကြောင့် မြန်မာစာပေလောကတိုးတက်ထွန်းကား စည်ပင်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် စာပေဆုနှင်းသဘင်အခမ်းအနားတွင် “စာပေသည် လူမျိုး၏ယဉ်ကျေးမှု မဏ္ဍိုင်ဖြစ်ပါကြောင်း၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံဖြစ်ပါကြောင်း၊ စာအုပ်စာပေများသည် လူ့မိတ်ဆွေများဖြစ်ပြီး စာပေမြင့်မှ လူမျိုးတင့်မည်ပင်ဖြစ်ပါကြောင်း၊ စာပေသည် နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးပါကြောင်း၊ ‘ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်” ဆိုသည့် သတိပေးဆိုရိုးစကားအတိုင်းလိုက်နာပြီး ဒီယဉ်ကျေးမှုမပျောက်ပျက်အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ကို သတိပေးပြောကြားလိုပါကြောင်း” ပြောကြားခဲ့သည်။
စာပေသည် နိုင်ငံနှင့်လူမျိုးအတွက် အရေးကြီးသောမဏ္ဍိုင်ဖြစ်သည်။ စာပေဖြင့် နိုင်ငံနှင့်လူမျိုး၏ ထည်ဝါဝင့်ကြွား မြတ်နိုးဖွယ်ကောင်းသော ဂုဏ်ဒြပ်ကို ပေါ်လွင်ထင်ရှားစေသည်။ စာပေလက်နက်ဖြင့် မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်များ နိုးကြားရှင်သန်ပြီး ခုခံကာကွယ်နိုင်သည်။ ထို့ကြောင့် စာပေယဉ်ကျေးမှုသည် နိုင်ငံနှင့်လူမျိုး၏ အသက်ဝိညာဉ်ဖြစ်သည်။ စာပေဖြင့် လောကအမြတ်တရား သုံးပါးဖြစ်သည့် အကောင်းတရား၊ အမှန်တရား၊ အလှတရားတို့ကို ဖော်ဆောင်ပြီး လောကလူသားတို့ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်နှလုံးဖြူစင်ဖြောင့်မတ် သိမ်မွေ့ရေး၊ အကောင်းအဆိုး၊ အကြောင်းအကျိုး ခွဲခြားဝေဖန်သုံးသပ်ရေး၊ လောက လူသားတို့ ကြီးပွားတိုးတက်ရေး စသည့်ခွန်အားများ စွမ်းဆောင်ပေးသည်။ သို့ဖြစ်၍ သမိုင်းကြောင်းတစ်လျှောက်တွင် စာပေစွမ်းပကားဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး စွမ်းဆောင်ပေးခဲ့သည်များကို အသိအမှတ်ပြုသောအားဖြင့် ချီးကျူးဂုဏ်ပြုပူဇော်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရသည် စာပေပညာရှင်ကြီးများ၏ စွမ်းဆောင်မှုများကိုလေးစား ဂုဏ်ပြုသောအားဖြင့် ၁၉၄၈ ခုနှစ်မှစတင်၍ စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု၊ စာပေဗိမာန်ဆု၊ အနုပညာစာပေဆိုင်ရာဆုများ ချီးမြှင့်ခဲ့ပြီး စာပေဆုများတွင် အမြင့်ဆုံးဖြစ်ပြီး နိုင်ငံတော်အဆင့်ချီးမြှင့်သည့် အမျိုးသားစာပေဆုတို့ကို နှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့အပြင် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်သက်တာလုံး အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး သုတ၊ ရသစာပေများကို ဘဝ တစ်လျှောက်လုံး တစိုက်မတ်မတ် ရေးသားပြုစုနေကြသည့် စာပေပညာရှင်ကြီးများအား အသိအမှတ်ပြု ချီးမြှောက်သည့်အနေဖြင့် အမျိုးသားစာပေတစ်သက်တာဆုကို ၂၀၀၁ ခုနှစ်မှစတင်၍ ချီးမြှင့်ပေးအပ်လျက်ရှိသည်။
သို့ဖြစ်ရာ ခေတ်အဆက်ဆက် မြန်မာစာဆိုတော်ကြီးများ၊ မြန်မာစာပေပညာရှင်ကြီးများ၏ ကြိုးပမ်းစွမ်းဆောင်မှုများကြောင့် မြန်မာစာပေလောကသည် ယနေ့ထက်တိုင် ရှင်သန်ဖွံ့ဖြိုးလျက်ရှိရာ နိုင်ငံနှင့်လူမျိုးကို အကျိုးပြုလျက်ရှိသည့် စာဆိုတော်ကြီးများအား ဂုဏ်ပြုချီးမြှင့်သော ကောင်းမြတ်သည့်အစဉ်အလာကို စိန်ရတုစာပေဆုနှင်းသဘင်မှသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။