နတ်မောက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကြီးမှ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဇာတ်ဝင်ခန်းအချို့ကို ဇန်နဝါရီ ၁၇ ရက်မှစပြီး ရိုက်ကူးလျက်ရှိသည်။
ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက နတ်မောက်မြို့ အင်ကုန်းကျေးရွာတွင် ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်၏ အစ်ကိုဖြစ်သူ ဦးဘဝင်းတို့ ငယ်စဉ်ကျောင်းသား ဘဝဇာတ်ဝင်ခန်းများ ရိုက်ကူးနေပြီး ယမန်နေ့က အောင်ဆန်းရပ်ကွက်ရှိ ဒီပင်္ကရာ ပရိယတ္တိစာသင်တိုက်၌ ဗိုလ်ချုပ်၏ ငယ်ဆရာတော် ဖြစ်သည့် ဦးသောဘိတကျောင်းတွင် ငယ်စဉ်ဘဝစာသင်သည့် ဇာတ်ဝင်ခန်း ရိုက်ကူးသည်။
“ဗိုလ်ချုပ်ရဲ့ နေအိမ်ပြတိုက်မှာ ဗိုလ်ချုပ်ရဲ့ နေအိမ်အဖြစ်နဲ့ ဗိုလ်ချုပ်ငယ်စဉ်ဘဝအကြောင်းတွေ ရိုက်တယ်။ ဗိုလ်ချုပ်ရဲ့ ဆရာတော်ဖြစ်တဲ့ ဦးသောဘိတကျောင်းမှာလည်း ဗိုလ်ချုပ်ငယ်စဉ်တုန်းက စာသင်တဲ့ ဇာတ်ဝင်ခန်းရိုက်တာ ဖြစ်ပါတယ်။ ဒီနတ်မောက်မှာရိုက်ရတာ အခက်အခဲမရှိပါဘူး။ ပရိသတ်တွေက ဗိုလ်ချုပ်အကြောင်း ရိုက်နေတာသိတော့ ဝိုင်းပြီးကူညီကြတယ်။ ယဉ်ကျေးကြပါတယ်။ ရိုက်ကွင်းကို အနှောင့်အယှက်မပေးကြဘူး။ တခြားနေရာတွေမှာ ရိုက်ရတာထက် ဗိုလ်ချုပ် တကယ် နေထိုင်သွားတဲ့ အိမ်ခြံဝင်းမှာရိုက်ရတာ၊ ဗိုလ်ချုပ် တကယ်စာသင်သွားတဲ့ ဒီဘုန်းကြီးကျောင်းမှာ ရိုက်ရတာ၊ နောက်ပြီးတော့ ဗိုလ်ချုပ်ရဲ့ ဆွေမျိုးတွေနေသွားတဲ့ မြို့ပတ်ဝန်းကျင်အရပ်မှာ ရိုက်ရတာ ဒီဇာတ်ကားကြီးအတွက် တကယ့်ကိုပဲ ထူးခြားတဲ့ စိတ်ခံစားချက်တွေနဲ့ အထောက်အပံ့တွေ အများကြီး ရတယ်လို့ ခံစားမိပါတယ်” ဟု အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးမှ ဒါရိုက်တာ အကယ်ဒမီ လူမင်းက ပြောသည်။
“နတ်မောက်ကပြီးရင် ရန်ကုန်ခဏပြန်ပြီး ရန်ကုန်ရိုက်ကွင်းတွေ ပြန်ရိုက်ပါမယ်။ ပြီးရင်တော့ နေပြည်တော်မှာ စစ်ကြောင်းချီတာတွေ၊ တိုက်ပွဲဖြစ်တာတွေ စတဲ့ဇာတ်ဝင်ခန်းတွေ သွားရိုက်ဖို့ ပြင်ဆင်ပါမယ်။ ရိုက်ကူးရက်ကတော့ လေးလထဲ ရောက်လာပါပြီ။ ပထမတော့ ငါးလသတ်မှတ်ပြီး ရိုက်နေတာ၊ မပြီးရင်တော့ ထပ်တိုးပြီး ရိုက်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရုံတင်နိုင်အောင် ရည်ရွယ်ချက်ထား၍ ကြိုးစား ရိုက်ကူးလျက်ရှိပြီး ဆက်လက်ဆောင်ရွက်ရမည့် ကဏ္ဍများသဖြင့် အသေအချာပြော၍မရကြောင်း ဒါရိုက်တာ အကယ်ဒမီ လူမင်းက ပြောသည်။
သိမ့်သိမ့်မိုး(မြန်မာ့အလင်း)