ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗီဒီယိုမိန့်ခွန်းပေးပို့၍ အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပညာရှင်ဆရာကြီး၊ ဆရာမကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ စီးပွားရေးတက္ကသိုလ်ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကံဇော်နှင့် ဒေါက်တာညွန့်ဖေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ် ၆၀ ပြည့် ဗီဒီယိုမိန့်ခွန်းကို ပြသသည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာညွန့်ဖေက ဝမ်းမြောက်စကားပြောကြားပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ၁၉၈၄ ခုနှစ် ဘွဲ့ရ ကျောင်းသား ကျောင်းသူများက ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ် ၆၀ ပြည့် တေးသီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက လောကအားမာန်တေးသီချင်းသရုပ်ဖော်ဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ် (၆၀) ခရီးမှတ်တိုင် Documentary video ကို ပြသပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသူများက အလှကမ္ဘာသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြကာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်တင်ထွေးက ကြွရောက်လာသော ဧည်သည့်တော်များအား အမှတ်တရလက်ဆောင်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးများနှင့် တာ၀န်ရှိသူများက ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၆၀) ပြည့် အထိမ်းအမှတ်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသော လုပ်ငန်းရှင်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရန်ကုန်တက္ကသိုလ်နှစ် (၆၀) ပြည့် အမှတ်တရဓာတ်ပုံပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်