Skip to main content

အမျိုးသားအားကစားပွဲတော်ကြီးကို ခမ်းနားထည်ဝါဂုဏ်ယူစွာကျင်းပနိုင်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အားကစားပွဲတော်နောက်ဆုံးနေ့တွင် အားကစားပြိုင်ပွဲ ပွဲစဉ်အလိုက် ဗိုလ်လုပွဲများကို အသီးသီးယှဉ်ပြိုင်ကစားကြပြီး အောင်ပန်းဆွတ်ခူးခဲ့သည့်အသင်းများအား နိုင်ငံတော်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များက ဆုများပေးအပ်ချီးမြှင့်သည်။ အားကစားပြိုင်ပွဲများအစဉ်အလာတိုင်း အရှုံးအနိုင်ပဓာနမထားဘဲ ယှဉ်ပြိုင်မှုသာအဓိကဖြင့် အားကစားယဉ်ကျေးမှုကို မြှင့်တင်နိုင်ခဲ့သည်။

အထူးသဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး၏ ရည်ရွယ်ချက်ပါအတိုင်း နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်တို့ကို ဖော်ဆောင်နိုင်ခဲ့သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် မသန်စွမ်းအားကစားပြိုင်ပွဲ လေးမျိုး ထည့်သွင်းယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ မသန်စွမ်းလက်ရွေးစင် အားကစားသမားများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများအတွက် အားကစားနည်း ၂၃ မျိုးနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအတွက် အားကစားနည်း ခြောက်မျိုး စုစုပေါင်းအားကစားနည်း ၃၃ မျိုးတို့ဖြင့် ဒီဇင်ဘာလအစောပိုင်းမှစတင်၍ ပါဝင်ယှဉ်ပြိုင်ဆင်နွှဲကြသည်။ ဝန်ကြီးဌာနအလိုက်ပွဲစဉ်များတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်အများဆုံးရရှိပြီး ပထမအဆင့် ဗိုလ်စွဲခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်အလိုက် ပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်အများဆုံးရရှိပြီး ပထမအဆင့်ဗိုလ်စွဲခဲ့သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီး၌ ခမ်းနားထည်ဝါစွာဖြင့် အနှစ်သာရရှိရှိ အောင်မြင်စွာကျင်းပခဲ့ရာ ပိတ်ပွဲအခမ်းအနားမစတင်မီ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကိုကျင်းပခဲ့ပြီး ပြိုင်ပွဲမစတင်မီ၊ ခေတ္တရပ်နားချိန်နှင့် ပွဲပြီးချိန်များ၌ နာမည်ကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို နေပြည်တော်အားကစားကွင်းကြီးသို့ ကိုယ်တိုင်လာရောက်ကြည့်ရှုအားပေးကြသည့် မိဘပြည်သူများအပြင် တီဗွီဖန်သားပြင်ပေါ်မှ ကြည့်ရှုအားပေးကြသည့် နိုင်ငံတစ်ဝန်းမှ မိဘပြည်သူများ နှစ်ထောင်းအားရဝမ်းမြောက်ကြမည်ဖြစ်သည်။

အမျိုးသားအားကစားပွဲတော်ကြီးကို ဤသို့အောင်အောင်မြင်မြင် သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား ကျင်းပပေးနိုင်ခြင်းသည် နိုင်ငံတော်အစိုးရက မြန်မာ့အားကစားကဏ္ဍကို မြှင့်တင်ပေးလိုသည့် ပြင်းပြသောဆန္ဒများနှင့် ငွေကုန်ကြေးကျ အမြောက်အမြားအကုန်အကျခံကာ စနစ်တကျစီစဉ်ကျင်းပပေးနိုင်မှုနှင့် အားကစားပွဲတော်ကြီးကို ခမ်းနားထည်ဝါဂုဏ်ယူဖွယ်ရာ အောင်မြင်စွာကျင်းပနိုင်အောင် ဝိုင်းဝန်းကူညီ ပါဝင်ပံ့ပိုးဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၏ တက်တက်ကြွကြွ နိုးနိုးကြားကြား ပါဝင်ဆောင်ရွက်နိုင်မှုများကြောင့် ဖြစ်သည်။

အမျိုးသားအားကစားပွဲတော်ကြီးသည် နိုင်ငံတော်အဆင့် အမြင့်မားဆုံး အထင်ရှားဆုံးပွဲတော်ကြီးဖြစ်သည်။ သို့သော် အားကစားစိတ်ဓာတ်နှင့် အားကစားယဉ်ကျေးမှုကို မြင့်မြင့်ထားပြီး ဂုဏ်သိက္ခာရှိစွာ ယှဉ်ပြိုင်ခဲ့ကြသည်။ အားကစားသမားတိုင်းသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ တရားမျှတစွာယှဉ်ပြိုင်ခြင်း၊ မလျှော့သည့် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိတို့ဖြင့် အနိုင်မခံအရှုံးမပေး ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။ အနိုင်ရပါက ရှုံးနိမ့်သူကိုအားပေးပြီး ရှုံးနိမ့်ပါက အရှုံးကိုလက်ခံပြီး အနိုင်ရသူကို မုဒိတာပွားအားပေးခဲ့သည်ကိုတွေ့ရသဖြင့် မြန်မာတို့၏ အားကစားယဉ်ကျေးမှု တိုးတက်မှုကို ပေါ်လွင်စေသည်။

သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ခမ်းနားထည်ဝါ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်လိုစိတ်များ၊ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလိုစိတ်၊ စည်းလုံးညီညွတ်မှုနှင့် အမျိုးသားအားမာန်များ တက်ကြွနိုးကြားမှုတို့ကို ထင်ဟပ်ပေါ်လွင်စေသည့် အမျိုးသားအောင်ပွဲ အမျိုးသားအားကစားပွဲတော်ကြီးဖြစ်ပါကြောင်း။ ။