ဟိုပုံး ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ဟိုနမ့် ကျေးရွာရှိ ဟိုနမ့်သီးနှံအခြောက်ခံစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တက်ရောက်လာသော ဧည့်တော်များသည် နောင်ခမ်းကော်ဖီသီးနှံပြခန်းကို လှည့်လည် ကြည့်ရှုပြီးနောက် စက်ရုံဖွင့်ပွဲအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. John Nielsen၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ ရှမ်းပြည်နယ်ထောပတ်အစုအဖွဲ့ အသင်းဥက္ကဋ္ဌ ဦးခင်အောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ သီးနှံစိုက်ပျိုးထုတ်လုပ်ရာ၌ မိမိတို့စိုက်ပျိုသော သီးနှံများတစ်ချိန်တည်းတွင် နေရာဒေသအနှံ့အပြားမှ တစ်စုတစ်ဝေး ထွက်ရှိလာချိန်တွင် စျေးကွက်မရှိ၊ စျေးကောင်းမရလျှင် အခြား ထွေထွေထူးထူး မစဉ်းစားဘဲ စျေးပေါပေါဖြင့် ရောင်းချခြင်း၊ အလဟဿပျက်စီးဆုံးရှုံးသွားခြင်းများဖြင့် ရင်ဆိုင်နေရသည်ကို တွေ့ရှိရပါကြောင်း၊ ယခုလိုသီးနှံခြောက် စက်ရုံများ ဖွင့်လှစ်လာနိုင်သည့်အတွက် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထွက်ရှိ လာသည့် သီးနှံများကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်လာနိုင်ပြီး ပြည်တွင်းစားသုံးသူစျေးကွက်သာမက၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်၍ တစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်လာစေပြီး လူနေမှုအဆင့်တန်း မြင့်မာလာခြင်း၊ နိုင်ငံ၏ (GDP) မြင့်မားလာစေရန် တစ်စိတ်တစ်ဒေသအကူအညီဖြစ်ခြင်း၊ မိမိဒေသစက်ရုံပေါ်ပေါက်လာခြင်းသည် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ စက်ရုံစတင် လည်ပတ်သည်နှင့် သရက်၊ နာနတ်၊ သင်္ဘော၊ ချဉ်စော်ခါးသီးနှင့် မျှစ်တို့ကို အခြောက်ခံနိုင် ကြောင်း သိရှိရပြီး သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့်လည်း စက်ရုံနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ပါက သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ပြီး မိမိတို့၏အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. John Nielsen မှ ဟိုနမ့်သီးနှံအခြောက်ခံ စက်ရုံအတွက် စက်ပစ္စည်း လှူဒါန်းရခြင်း အကြောင်းကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ အမှာစကားပြောကြားပြီးနောက် စက်ရုံတည်ထောင်သူ ဦးခွန်ထွန်းထွန်းဝင်းက စက်ရုံတည်ထောင်ရခြင်းအကြောင်းကို အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. John Nielsen နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဟိုနမ့်သီးနှံ အခြောက်ခံစက်ရုံသို့ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ပြန်/ဆက်)