မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလျက်ရှိနေချိန်တွင် ဓာတ်အားထုတ်လုပ်မှုကအကြောင်း အမျိုးမျိုးကြောင့် လျော့နည်းကျဆင်းလျက်ရှိသည်။ ဓာတ်အားလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်စွမ်းတို့အကြား ကွာဟချက်များပြားနေသည့်အပေါ် လတ်တလောဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ခြင်း၊ လေအားဖြင့်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါးခွံသုံးဓာတ်ငွေ့ လောင်စာအသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။
မိမိတို့နိုင်ငံ၏ လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ရေအားလျှပ်စစ်၏ဓာတ်အားပေးရုံ ၂၈ ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ရှစ်ရုံ စုစုပေါင်းတပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ်ရှိကြောင်း၊ ယင်းအနက် ဓာတ်အားပေးစက်ရုံ ၁၂ ရုံမှာ ဓာတ်အားလိုင်းများ ဖျက်ဆီးခံရမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုတို့ကြောင့် ပျက်စီးခဲ့ရပြီး ဓာတ်အားထုတ်လုပ်မှု ကျဆင်းခဲ့ရကြောင်းသိရသည်။ ဓာတ်အားထုတ်လုပ်မှု ကျဆင်းခြင်းသည် နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍအပါအဝင် ကဏ္ဍများစွာတို့ကို ထိခိုက်စေသည်။ နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ဓာတ်အားရရှိရေးမှာ လွန်စွာအရေးကြီးသည်။
“လက်ရှိသီလဝါစက်မှုဇုန်၌ ကုမ္ပဏီခြောက်ခုမှ ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မှု ၄ ဒသမ ၉ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်မှုကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုတွင်ကျယ်လာကြောင်း၊ အဆိုပါ ဆောင်ရွက်မှုကို နမူနာယူပြီး အခြားကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ရှစ်မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် တစ်ပိုင်တစ်နိုင် မိမိလုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲ၍ရသည့်အပြင် ပိုလျှံမှုအပေါ် နိုင်ငံအဆင့် မဟာဓာတ်အားလိုင်းသို့ ရောင်းချ၍ရနေကြောင်း၊ ဆိုလာစနစ်ဆောင်ရွက်သည့်အတွက် ကုန်ကျမည့်ငွေပမာဏမှာ နှစ်အနည်းငယ်အတွင်း အရင်းကြေကာလသို့ ရောက်ရှိမည်ဖြစ်ကြောင်း” ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲအပါအဝင် တာဝန်ရှိသူများ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် တင်ပြချက်များအနက် အဓိကအချက်များမှာ ငွေကြေးအရင်းအနှီး၊ မြေနေရာနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးတို့ဖြစ်ကြသည်။ နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍ တိုးတက်စေရေး MSME လုပ်ငန်းများအတွက် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လျက်ရှိသည်။ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများအဖြစ် နေပြည်တော်တွင် (၄) ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၃) ခု၊ ပဲခူးတိုင်းဒေသကြီးတွင် (၁) ခု၊ ရှမ်းပြည်နယ်တွင် (၁) ခု စုစုပေါင်းတပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိပြီး သဘာဝဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင် ပေါင်းစပ်ဓာတ်အားပေးစက်ရုံစီမံကိန်းအဖြစ် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၁) ခုစီ ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းတပ်ဆင်အင်အား ၄၉၆ မဂ္ဂါဝပ်ရှိသည်။
နိုင်ငံတစ်ဝန်း စက်မှုဇုန်များနှင့် MSME လုပ်ငန်းရှင်များအနေဖြင့် နေရောင်ခြည်စွမ်းအင်စနစ်ဖြင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အား ရရှိရေးဆောင်ရွက်ခြင်းက မိမိတို့၏လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရေရှည်တွင်တွက်ခြေကိုက်သည့် အခြေအနေတစ်ရပ်ကို ရရှိလာနိုင်မည်ဖြစ်သည်။ လတ်တလော အရင်းအနှီးစိုက်ထုတ်ရခြင်းနှင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းအားထုတ်လုပ်ကိုင်ရခြင်းတို့က လျှပ်စစ်ဓာတ်အားမလုံ လောက်ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့်အပြင် နှစ်အနည်းငယ်ကာလအတွင်း အကျိုးဖြစ်ထွန်းလာမည်ဖြစ်ရာ လုပ်ငန်းရှင်တိုင်း ကိုယ်ပိုင်ဆိုလာစနစ်ကို ဆောင်ရွက်ကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။