Skip to main content

ဂုဏ်ယူဖွယ်ရာသနပ်ခါးအမွေအနှစ်ဖြင့် နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ကြပါစို့

ဆောင်းမှာနွေး၊ နွေမှာအေးပြီး သင်းရနံ့မွှေးပျံ့ကြိုင်လှိုင်သည့် မြန်မာ့ဓလေ့ ယဉ်ကျေးမှုပစ္စည်းတစ်ခုမှာ သနပ်ခါးဖြစ်သည်။ သနပ်ခါးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်ကာလမှ ယနေ့ထိတိုင် မြန်မာအမျိုးသမီးများ အမြတ်တနိုးတန်ဖိုးထား လိမ်းကျံခြယ်သသော ပစ္စည်းဖြစ်သည်။ ရှင်မတောင်သနပ်ခါး လိမ်းကျံထားသော အမျိုးသမီးတစ်ဦးထံမှ လွင့်ပျံ့လာသည့် သင်းရနံ့မှာ စိတ်နှလုံးချမ်းမြေ့ကြည်နူး ဖွယ်ကောင်းလှသည်။ ယနေ့မျက်မှောက်ခေတ်၌ အနောက်တိုင်းအလှခြယ် လူသုံးကုန်ပစ္စည်းများ မည်သို့ပင်နှစ်သက်ကြသည်ဆိုသော်လည်း သနပ်ခါးကို နှစ်သက်မြတ်နိုးကြသည့် မြန်မာအမျိုးသမီးများစွာရှိနေသည်မှာ မြန်မာ့သနပ်ခါး၏ မြန်မာ့ဂုဏ်အင်သက်သေပင်ဖြစ်သည်။

နှစ်ပေါင်းထောင်ချီရှည်ကြာလာပြီဖြစ်သည့် မြန်မာတို့၏ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုဓလေ့နှင့် မြတ်နိုးဖွယ်ရာ မြန်မာ့သနပ်ခါး၏ ဝိသေသလက္ခဏာများကိုထုတ်ဖော်၍ ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများအားလုံးကို ကြိုဆိုရမည်ဖြစ်သည်။ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အစဉ်အလာကို ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ သို့သော်လိုအပ်ချက်များနှင့် အများပြည်သူလူထုပါဝင်သည့် အထောက်အထားများ ထပ်မံဖြည့်ဆည်းပေးရမည်ဖြစ်၍ မြန်မာ့သနပ်ခါးနှင့်ပတ်သက်သည့် ပြည်သူလူထုလှုပ်ရှားမှုကို တပို့တွဲလပြည့်နေ့က ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့သည်။

တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ဘာသာယဉ်ကျေးမှု အစဉ်အလာအရ မွန်မြတ်သောနေ့ဖြစ်သည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ခိုင်မာစွာသက်သေထူနိုင်ခဲ့သည့် ပြည်ထောင်စုနေ့ နေ့ထူးရက်ထပ်နေ့ဖြစ်ရာထိုနေ့ထူးတွင် ပြည်ထောင်စုတိုင်းရင်းသားပြည်သူများ အမြတ်တနိုးတန်ဖိုးထားကြသည့် မြန်မာ့သနပ်ခါးလူထုလှုပ်ရှားမှုကို စတင်ပြုလုပ်နိုင်ခဲ့သည်မှာဂုဏ်ယူစရာ ဖြစ်သည်။ နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသည့်အနေဖြင့်လည်း နှစ်စဉ်တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့ဟု နိုင်ငံတော်ကသတ်မှတ်ပေးခဲ့သည်။ ယခုမြန်မာ့သနပ်ခါးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာသနပ်ခါးပွဲတော်နှင့် သနပ်ခါးသရုပ်ဖော်ပြိုင်ပွဲကို ရန်ကုန်မြို့ အင်းယားကန်ပေါင်ဘေးတွင် အမျိုးသား၊ အမျိုးသမီး ရာပေါင်းများစွာတို့ ပါဝင်ဆင်နွှဲခဲ့ကြသည်။

တပို့တွဲလပြည့် မြန်မာ့သနပ်ခါးနေ့ လူထုလှုပ်ရှားမှုပွဲတော်တွင် သနပ်ခါး၏တန်ဖိုး၊ အကျိုးကျေးဇူး၊ သုံးစွဲသည့်အသက်အရွယ်တို့နှင့် ယူနက်စကို၏ အသိအမှတ်ပြုမှုရရှိရေးအတွက် သဘောတူကြောင်း အများပြည်သူတို့၏ သဘောထားစစ်တမ်းကို ကောက်ယူခဲ့သလို လူမှုကွန်ရက်ပေါ်မှလည်း သဘောထားမှတ်ချက်များ ကောက်ယူခဲ့ကြသည်။ မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းတွင် သနပ်ခါးရက်သတ္တပတ် သို့မဟုတ် သနပ်ခါးလအနေဖြင့် ဖေဖော်ဝါရီလ တစ်လလုံး လှုပ်ရှားဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ မြန်မာ့သနပ်ခါးနှင့်ပတ်သက်၍ သဘောထားစစ်တမ်းကောက်ယူခြင်းကို ဆက်လက်ဆောင်ရွက်ပြီးလာမည့် မတ်လ ၃၁ ရက်နေ့တွင် ယူနက်စကိုသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာတို့၏ မြတ်နိုးဖွယ်ရာ ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှုအစဉ်အလာများသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီသည့် ပျူခေတ်ကာလကတည်းက ထွန်းကားခဲ့သည်။ ယနေ့ကာလတွင် အဆိုပါယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သဖြင့် ဒြပ်ရှိရှေးမြို့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အသိအမှတ်ပြုဝင်ရောက်နိုင်ခဲ့သလို မကြာသေးမီကာလ ကလည်းနှစ်ပေါင်းထောင်ချီရှည်ကြာလာခဲ့သည့် မြန်မာ့ရိုးရာအစဉ်အလာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကိုလည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ကုလသမဂ္ဂယူနက်စကို၏ အသိအမှတ်ပြုစာရင်းသွင်းခြင်းခံခဲ့ရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းထောင်ချီကာလကတည်းက ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် မြန်မာလူမျိုးများ၏ နှစ်သက်မြတ်နိုးတွယ်တာဂုဏ်ယူဖွယ်ရာ မြန်မာ့သနပ်ခါး ဒြပ်မဲ့ယဉ်ကျေးမှုဓလေ့ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်နည်းတူ အစဉ်အလာကြီးမားကြောင်း သက်သေထူပြကြရမည်ဖြစ်ရာ မြန်မာကိုချစ်သည့် မြန်မာလူမျိုးအားလုံးက မြန်မာ့သနပ်ခါးကို တန်ဖိုးထားမြတ်နိုးကြောင်းပြသပြီး ကုလသမဂ္ဂယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ဝင်ရောက်နိုင်အောင်လှုပ်ရှားကြကာ နိုင်ငံနှင့်လူမျိုးဂုဏ်ကို သနပ်ခါးဖြင့် မြတ်နိုးစွာ မြှင့်တင်ပေးကြရမည်ဖြစ်ပါကြောင်း။ ။