Skip to main content

သတင်းတု၊ သတင်းမှားများ သတိထား

 

မမှန်ကန်သောသတင်းများကို သတင်းတု သို့မဟုတ် သတင်းမှား သို့မဟုတ် ကောလာဟလသတင်းများဟု ဆိုပါသည်။ ထိုမမှန်ကန်သော သတင်းများ သည် ပုံမှန်အခြေအနေအချိန်အခါထက် ထူးခြားသောအခြေအနေ အချိန်အခါ တို့တွင် ပေါ်ထွက်လာတတ်ပါသည်။ အထူးသဖြင့် ပြည်သူလူထု စိုးရိမ်ပူပန်မှု မြင့်မားနေသော အချိန်၊ အသိုက်အဝန်းများအကြား အထင်အမြင် လွဲမှားနေသော အချိန်အခါတွင် မမှန်ကန်သောသတင်းများ ပေါ်ထွက်လာတတ်ပါသည်။

သတင်းတု၊ သတင်းမှားများသည် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို အကြောင်းပြု၍ပေါ်ပေါက်လာသော ဆိုးကျိုးများ ဖြစ်သည်။ တစ်နည်းဆိုလျှင် သတင်းတု၊ သတင်းမှားများသည် ပြည်သူလူထု စိုးရိမ်ပူပန် မှုဖြစ်အောင် တွန်းအားပေးသော အန္တရာယ်များဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် ဝိသမလောဘသားများ၊ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုသူများ၊ မသမာသူ များ၏တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် အနှောင့် အယှက်ပေးမှုများအထိ အန္တရာယ်ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် သတင်းတု၊ သတင်းမှားများကို ဆင်ခြင်ဉာဏ်ဖြင့် သတိပြုကြရမည် ဖြစ်သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလတွင် သတင်းတု၊ သတင်းမှားများကို ပိုမိုသတိထားနိုင်ရမည်ဖြစ်သည်။ မှားယွင်း သော အချက်အလက်များကြောင့် ပြည်သူလူထုအတွက် ဆိုးကျိုးများ ဖြစ်နိုင်သည်ကို သတိမူ နိုင်ကြစေ ရန် ဖြစ်သည်။ ကိုဗစ်-၁၉ ကာလတွင် အွန်လိုင်းမျက်နှာစာပေါ်မှ သတင်းအချက်အလက်များ ဖြန့်ဝေ ခြင်း၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ် သည်။

ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်စေသော ကိုဗစ်-၁၉ကာလတွင်သတင်း အချက်အလက်များသည် အလွန် အရေးပါပြီး သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့ထံမှ ဘက်ပေါင်းစုံကို သိရှိပြီးမှသာ သတင်း ကိုအတည်ပြု ဆုံးဖြတ်ချက်ချပေးရသည်။ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ဖော်ပြချက်သည် မှန်ကန်သည့် အချက်အဖြစ် သေချာရန်လိုပြီး စိတ်ချရသည့် လင့်ခ်များ၊ အကိုးအကားများ၊ အရင်းအမြစ်များ၊ ထုတ်ဖော်ရေးသားသူ၏ အမည်စသည် ဖြင့် ခိုင်မာသည့်သတင်းအရင်းအမြစ်များပါရှိရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းအချက်အလက်များကို ကြိုးကိုင်ချယ်လှယ်နိုင်ရန် ကျွမ်းကျင်သူ ပညာရှင် အတုများကို အွန်လိုင်းပေါ်တွင် အသုံးချလေ့ရှိသည်။

အွန်လိုင်းပေါ်တွင် လေ့လာနေသော ပြည်သူများအနေဖြင့် နေ့စဉ်တက်လာသော သတင်းများတွင် လုပ်ကြံ သတင်း သို့မဟုတ် သတင်းအမှား ဟုတ်၊ မဟုတ် ခွဲခြားသိနိုင်အောင် ဆင်ခြင်တတ်ရမည်ဖြစ်သည်။ လုပ်ကြံ သတင်းသည် သတင်းအချက်အလက်အမှားဖြစ်ပြီး ပြည်သူလူထုအန္တရာယ်ဖြစ်စေရန် ရည်ရွယ်သည်။ သတင်း အမှားသည် သတင်းအချက်အလက် မှားဖြစ်သော်လည်း ပြည်သူလူထုအန္တရာယ်ဖြစ်စေရန် တမင်တကာ ဖန်တီး ထားခြင်း မဟုတ်ပေ။ မသမာသောသတင်းများသည် အဖြစ်အပျက်အမှန်ကို အခြေခံထားသော်လည်း ပြည်သူလူထု အန္တရာယ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုထားခြင်းဖြစ်သည်တို့ကို ပြည်သူလူထုအနေဖြင့် ခွဲခြားသိမြင် ထားရန် လိုအပ်ပါသည်။

ပြည်သူလူထုအနေဖြင့် နေ့စဉ်နှင့်အမျှ လူမှုကွန်ရက်များတွင် ဝင်ရောက်လေ့လာနေကြပြီး မိမိတို့ နှစ်သက်သော သတင်းများ၊ စိတ်ဝင် စားသောသတင်းများကို ပြန်လည်မျှဝေတတ်ကြသည်။ ထိုအခါ ခလုတ် တစ်ချက်မနှိပ်ခင် စဉ်းစားဆင်ခြင်ရန်၊ သတင်းအချက်အလက်ကို မမျှဝေခင် စဉ်းစားဆင်ခြင်ရန် လိုအပ်ပါ သည်။ မိမိမျှဝေမည့် သတင်းအချက်အလက် များသည် သတင်းမှားများလော၊ သတင်းတုများလော စဉ်းစား ဆင်ခြင်ရန် လိုအပ်ပါသည်။ ယခုအခါ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် သတင်းအချက် အလက်အမှားများ၊ ယုံကြည်စိတ်ချမှုမရှိသော သတင်းများ၊ ထိတ်လန့်မှုဖြစ်စေ သော အကြောင်းအရာများ ပျံ့နှံ့နေသည် ကိုတွေ့ရပါသည်။

ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် မှန်ကန်သည့် သတင်းအချက်အလက်များသည် လူအများ၏အသက်ကို ကယ်တင် နိုင်ပါသည်။ လုပ်ကြံသတင်း များသည် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် ပြန့်ပွားအောင် အားပေးသည်နှင့် တူပါ သည်။ ယခုအချိန်အခါသည် ကိုရိုနာဗိုင်းရပ်စ်ပိုးအန္တရာယ်မှ ကာကွယ်နိုင်ရန် စုပေါင်းအင်အားဖြင့် တိုက်ဖျက်နေသော အချိန်အခါဖြစ်သည်။ ထိုအချိန်အခါတွင် ပြည်သူလူထုကိုသော်လည်းကောင်း၊ အုပ်ချုပ်စီမံ ကုသဆောင်ရွက် နေသော အဖွဲ့အစည်းများကိုသော်လည်းကောင်း စိတ်ဓာတ်အင်အား တောင့်တင်း ခိုင်မာအောင် ပြုလုပ်ပေးရမည့်အချိန်အခါဖြစ်သည်။ ဖန်တီးထားသော သတင်းတုများ၊ သတင်းမှားများ၊ ကောလာဟလ သတင်းအန္တရာယ်ထောင်ချောက်အတွင်း မသက်ဆင်းရလေအောင် ပြည်သူလူထုနှင့်အတူ အဖွဲ့အစည်းများက ကြိုးပမ်းတိုက်ဖျက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ သတင်းတုများ၊ သတင်းမှားများ၊ ကောလာဟလသတင်းများကို ခြေဖျက်ရန်မှာ ပြည်သူလူထု အနေဖြင့် နေ့စဉ်လူမှုကွန်ရက်ပေါ်မှသတင်းများအား သတင်းအမှား၊ အမှန်ကို ခွဲခြားသိမြင်တတ်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နေ့စဉ်နှင့်အမျှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ပေးနေသော၊ နေ့စဉ်နှင့်အမျှ ကျန်းမာရေး အသိပညာများ ပေးဝေနေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန် ချက် များအား အလေးထားသိမြင်မှတ်သားကာ လူမှုကွန်ရက်မှသတင်းများကို ဆင်ခြင်ဆန်း စစ်ကြည့်ရှုလေ့ လာမျှဝေ အသိပေးကြရန် လိုအပ်ပါကြောင်း။