ရေသည် ပေါပေါများများရရှိနိုင်သည့် သဘာဝသယံဇာတတစ်ခုအဖြစ် လူအများစုတို့က မှတ်ယူတတ်ကြသည်။ သို့ရာတွင် ရေရှားပါးသည့် အရပ်ဒေသများတွင် နေထိုင်ကြသူများအဖို့မူ ဘဝပေးအသိကြောင့် ရေကို အလေးထားကြသည်။ အထူးသဖြင့် သန့်ရှင်းသောသောက်သုံးရေ၏တန်ဖိုးကို မိုးနည်းရေရှားဒေသတွင် နေထိုင်သူတို့က အသိဆုံးဖြစ်သည်။
မိမိတို့နေထိုင်ရာ ကမ္ဘာကြီးကို အာကာသတစ်နေရာမှကြည့်မည်ဆိုလျှင် ကမ္ဘာ့မျက်နှာပြင်အများစုကို ရေများဖုံးလွှမ်းနေသည့် ရေကမ္ဘာကြီးအဖြစ် မြင်တွေ့ကြရမည်ဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့မျက်နှာပြင်ကို အဓိကဖုံးလွှမ်းထားသည်မှာ ရေငန်သမုဒ္ဒရာကြီးများသာဖြစ်ပြီး ကမ္ဘာ့ရေထုစုစုပေါင်း၏ သုံးရာခိုင်နှုန်းခန့်သည်သာ ရေချိုဖြစ်သည်။ ယင်းအနက်မှ ၁ ဒသမ ၉၇ ရာခိုင်နှုန်းသည် ရေခဲတောင်များ၊ ရေခဲမြစ်များဖြစ်ပြီး ၀ ဒသမ ၅ ရာခိုင်နှုန်းသည် မြေအောက်ရေဖြစ်သည်။ ၀ ဒသမ ၃ ရာခိုင်နှုန်းကျော်မှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်များတွင်ရှိနေသည့် ရေချိုပမာဏဖြစ်သည်ဟုဆိုရာ ရေချိုသယံဇာတကို အဘယ်ကြောင့် တန်ဖိုးထားအပ်သည်ကို နားလည်နိုင်ကြမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် လူဦးရေမှာ နှစ်စဉ်တိုးတက်လျက်ရှိနေပြီး ရေချိုသုံးစွဲမှုမြင့်သထက်မြင့်တက်နေရာ ၂၀၃၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ကမ္ဘာ့လူဦးရေ၏ သန်းတစ်ထောင်ကျော်သည် သောက်သုံးရေမရရှိမှု၊ လူသန်း ၃၄၀၀ ခန့်သည် ရေချို အလုံအလောက်မရရှိမှုတို့ ကြုံတွေ့လာနိုင်ကြောင်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်၏ လေ့လာဆန်းစစ်ချက်များကဆိုသည်။ နိုင်ငံတကာသတင်းတစ်ရပ်တွင် သီရိလင်္ကာနိုင်ငံ၌ ခြောက်သွေ့သောရာသီဥတု ဖြစ်ပေါ်နေချိန် လူပေါင်း ၇၀၀၀ ကျော် သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု မကြာမီကဖော်ပြထားသည်။ မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်နေထိုင်သော ကျေးလက်ဒေသများ ရေရရှိရေးအတွက် နိုင်ငံတော်အစိုးရက ၂၀၀၀ ပြည့်နှစ်မှ စတင်ဆောင်ရွက်လာခဲ့ရာ ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်နေပြည်သူများအားလုံး ကောင်းမွန်၍ ဘေးကင်းသော သောက်သုံးရေဝန်ဆောင်မှုများရရှိသုံးစွဲနိုင်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များအရ ကျေးလက်ဒေသများတွင် ကောင်းမွန်ပြီး အကာအကွယ်ရှိ ရေပေးရေးစနစ်များမှ ရေရရှိရေးလွှမ်းခြုံမှု ၇၇ ရာခိုင်နှုန်းအထိ တိုးတက်ဖြစ်ပေါ်လာခဲ့သည်။ ဆက်လက်၍ ၂၀၁၉ မှ ၂၀၂၄ ခုနှစ် အထိ ငါးနှစ်တာကာလအတွင်း ကျေးရွာပေါင်း ၁၃၉၃၁ ရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း ၁၅၁၃၁ ခုကို မူလခွင့်ပြု ရန်ပုံငွေ၊ မွမ်းမံရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (ယူနီဆက်ဖ်ပူးပေါင်း) နှင့် အပူပိုင်းဇုန် ရေရရှိရေးစီမံကိန်း၊ တိုင်းဒေသကြီး ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟုသိရသည်။ ကျေးလက်ရေပေးရေးစီမံကိန်းများတွင် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ အချိုးကျပါဝင်ပြီး ပြည်သူကိုယ်တိုင် စီမံခန့်ခွဲရသော အိမ်သွယ်ရေတိုင်စနစ်၊ ကျေးလက်ပြည်သူများ သန့်ရှင်း၍ဘေးကင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်စင်စနစ်၊ ရေအရင်းအမြစ်နေရာများမှရေကို ပိုက်လိုင်းစနစ်ဖြင့် ရွာသို့ပေးဝေသည့် ကျေးရွာစုပေါင်းရေပေးရေးစနစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်တို့ဖြင့် ကျေးလက်ပြည်သူတို့၏ လူမှုစီးပွားဘဝများ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၃၀ ပြည့်နှစ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ကျေးလက်နေပြည်သူအားလုံး ကောင်းမွန်၍ဘေးကင်းသော သောက်သုံးရေဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်စေရန် ရည်မှန်းချက်ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။