Skip to main content

အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှု ချစ်ကြည်မှုမပျက်အောင်လုပ်ဆောင်

ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ လွှတ်တော်အမတ်တစ်ဦးနှင့် မဏိပူရလွှတ်တော်အမတ်တစ်ဦးတို့က မြန်မာနိုင်ငံနယ်နိမိတ်အတွင်း တရားမဝင် ဝင်ရောက်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကို ထိပါးစော်ကားပြောဆိုလုပ်ဆောင်မှုများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားပြည်သူများမှာ မခံမရပ်နိုင်ဖြစ်ကြရပြီး နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို အလေးထားဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်အတူ ၁၉၅၄ ခုနှစ် ဇွန်လတွင် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့၌ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာညီလာခံကြီး၌ ကနဦးလက်မှတ်ရေးထိုးခဲ့ကြသည့် နိုင်ငံများဖြစ်သည်။ အဆိုပါမူကြီး (၅) ရပ်တွင် (၁) တစ်နိုင်ငံ၏နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံကလေးစားရန်၊ (၂) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်၊ (၃) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်၊ (၄) တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်၊ (၅) ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်ဟူသည့် အချက်များပါဝင်သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို အစဉ်အဆက်လေးစားလိုက်နာခဲ့ကြသည်။ နှစ်နိုင်ငံစလုံးသည် ရင်းနှီးချစ်ကြည်သော မိတ်ဆွေရင်းနိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်အဆက်ဆောင်ရွက်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံကိုဆန့်ကျင်သည့် အဖွဲ့အစည်းများ၊ အုပ်စုများကို မြန်မာ့မြေပေါ်၌လက်ခံမထားသလို မြန်မာနိုင်ငံကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းများ၊ အုပ်စုများကို အိန္ဒိယမြေပေါ်၌ လက်မခံထားလိုသည့်သဘောထားကို နှစ်နိုင်ငံစလုံးက နားလည်လက်ခံထားကြပြီးဖြစ်သည်။ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် လက်တွေ့ကျကျဆောင်ရွက်ချက်များလည်း များစွာရှိခဲ့သည်။

အဆိုပါဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်လျှင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြည်တွင်းရေးအခြေအနေနှင့် မြန်မာနိုင်ငံ အနောက်မြောက်နယ်စပ်အခြေအနေတို့ကိုအကြောင်းပြု၍ မြန်မာ-အိန္ဒိယနယ်စပ်အနီး ပြည်နယ်အချို့မှလွှတ်တော်အမတ်အချို့က နိုင်ငံရေးအရ အမြတ်ထုတ်လိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာပိုင်နယ်မြေကို ထိပါးစော်ကားလိုက်ခြင်းဖြစ်၍ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရမည်သာဖြစ်သည်။ ကဘော်ချိုင့်ဝှမ်းဒေသနှင့်ပတ်သက်၍ ယခင် ၂၀၁၃ ခုနှစ်ကာလက အိန္ဒိယနိုင်ငံ၏ အတိုက်အခံပါတီတစ်ခုဖြစ်သည့် BJP ပါတီကလည်း တမူး-ကလေး-မင်းကင်းမြို့နယ်များပါဝင်သည့် ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်ယူပေးမည်ဆိုသည့် မဲဆွယ်စည်းရုံးမှုမျိုး ဖြစ်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကလေးမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့မှ ဒေသခံပြည်သူများက ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း ရင်းနှီးချစ်ကြည်စွာဖြင့် အစဉ်အဆက်မိတ်ဆွေကောင်းပီသစွာ ဆက်ဆံနေထိုင်လျက်ရှိသည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်သည် မိုင်ပေါင်း ၁၀၁၀ ကျော် ရှည်လျားသည်။ နှစ်နိုင်ငံသဘောတူညီ တိုင်းတာပြီးသည့် နယ်စပ်အရှည်မိုင် ၉၀၇ မိုင်ကျော်ရှိသည်။ နယ်နိမိတ်အများစုမှာ တိုင်းတာပြီးဖြစ်ပြီး ယခုပြောဆိုခဲ့သည့် ကဘော်ချိုင့်ဝှမ်းဒေသမှာလည်း ယခင်ကတည်းက တိုင်းတာပြီး အသိအမှတ်ပြုပြီးသားဖြစ်သည်။ မြန်မာ-အိန္ဒိယနယ်ခြားသတ်မှတ်ချက်အနေဖြင့် ၂၀၁၄ ခုနှစ် မေလ ၈ ရက်နေ့တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးပြီးဖြစ်သည်။ ယင်းအချက်များကို မျက်ကွယ်ပြု၍ စွက်ဖက်စော်ကားမှုသည် နိုင်ငံရေးအမြတ်ထုတ်လိုမှုသာဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အစဉ်အဆက် မိတ်ဆွေကောင်းနိုင်ငံများသာဖြစ်ကြပြီး လက်ရှိအချိန်အထိ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းလက်တွဲဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ အောင်မြင်မှုများစွာလည်း ရရှိခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ Act East Policy နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အထူးကောင်းမွန်ပြီး နှစ်နိုင်ငံပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်လျက်ရှိသည်။

သို့ဖြစ်ရာ နှစ်နိုင်ငံအစိုးရ၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုမျက်ကွယ်ပြု၍ အိန္ဒိယနိုင်ငံရှိ အချို့သောနိုင်ငံရေးသမားအချို့အနေဖြင့် ၎င်းတို့၏လိုဘတစ်ခုတည်းကိုကြည့်၍ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုမျိုးကို မပြုလုပ်သင့်သလို ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးသဘောတူညီချက်မူအတိုင်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကို အထူးလေးစားလိုက်နာရန်လိုအပ်ပါကြောင်း။    ။