နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ခေတ်မီတိုးတက်သည့် နိုင်ငံဖြစ်စေရေးအတွက် ဘက်စုံထောင့်စုံ ကြိုးပမ်းတည်ဆောက်လျက်ရှိရာ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူအားလုံး၏ စွမ်းပကားသည် အဓိကကျပြီးအားလုံးတက်ညီ လက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုသည် အရေးကြီးသည်။ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် နိုင်ငံသူနိုင်ငံသားများ၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုများကို တန်ဖိုးထားလေးစား အသိအမှတ်ပြုပေးနိုင်ရေးသည်လည်း အရေးကြီးသည်။
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ကြသည့်ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် သံတမန်တာဝန်များကို ထူးချွန်စွာဆောင်ရွက်သည့်ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာတီထွင်ဖန်တီး စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့်အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်ပြီး အကျိုးပြုကြသည့်ပုဂ္ဂိုလ်များသည် နိုင်ငံတော်အတွက် စံနမူနာပြုပုဂ္ဂိုလ်များဖြစ်ကြသည်။
ထိုသို့ ထူးချွန်ပြောင်မြောက်ပြီး နိုင်ငံတော်အကျိုးကို စွမ်းစွမ်းတမံထမ်းရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား တန်ဖိုးထားသည့်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နှစ်စဉ်ဂုဏ်ပြုချီးမြှင့်မှုများကို ပြုလုပ်ပေးလျက်ရှိသည်။ ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ပေးခြင်းသည် မင်္ဂလာတရားတော်နှင့်အညီဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများအတွက် ကောင်းကျိုးများကိုဖြစ်စေသည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး မိမိတို့တတ်စွမ်းသမျှ အသိပညာ၊ အတတ်ပညာများနှင့် ထူးကဲစွာဆောင်ရွက်သူ၊ ကိုယ်ကျိုးမဖက် နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စားအကျိုးဆောင်သူများကို လွတ်လပ်ရေးနေ့နှင့် နေ့ထူးနေ့မြတ်အခါသမယများတွင် ထိုက်သင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်း ဂုဏ်ပြုပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်တွင်းမှ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းခံထိုက်သူများကိုသာမက ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက် ခဲ့ကြသည့်ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်အတွက် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိသည်။ မတ်လ ၁၆ ရက်နေ့က ပြုလုပ်သော ၂၀၂၅ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှုအင်အားဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ကြရာတွင် သာမန်အဆင့်ထက်သာလွန်သည့် လုံ့လ၊ ဝီရိယ၊ ခွန်အားစိုက်ထုတ်ပြီး ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များလည်းရှိနေသည်ကို တွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်တို့ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အလွန်ကျယ်ပြန့်ပြီး ခက်ခဲနက်ရှိုင်းသည်ကို လက်တွေ့အကောင်အထည်ဖော်နေကြသူများ သိရှိကြသည်။ ဥပမာအားဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး လုပ်ငန်းစဉ်များတွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ အေးချမ်းစွာပညာသင်ကြားရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး စသည့်အချက်များကို အလွန်ကျယ်ပြန့်ခက်ခဲစွာ ဆောင်ရွက်ကြရသည်။ အဆိုပါလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအနက် စံနမူနာယူထိုက်သူများကို စနစ်တကျရွေးချယ်ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသောသူများကိုလည်း နိုင်ငံတော်နှင့် ပြည်သူများက အသိအမှတ်ပြုလျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အတွက် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသူများ၊ စွန့်လွှတ်စွန့်စားမှု၊ အနစ်နာခံမှုတို့ဖြင့် တာဝန်ကျေခဲ့ကြသူများအားလုံးကို နိုင်ငံတော်အစိုးရက ကျေးဇူးတင်ဂုဏ်ယူခဲ့ပေသည်။ ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ခံရသကဲ့သို့ ဆက်လက်၍နိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်များကိုပါ လက်ဆင့်ကမ်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။ ။