ဧကဝင်ရိုးကမ္ဘာနိဂုံးချုပ်၍ ဗဟုဝင်ရိုးကမ္ဘာခေတ်ဆီသို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဟု ဆိုသည်။ ဤသို့သော ကမ္ဘာနှစ်ရပ်အပြောင်းအလဲသည် မကြာသေးသည့်လအနည်းငယ်ကပင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုဆိုပြန်ရာ အံ့ဩဖွယ်ရာပင်ဖြစ်ရသည်။ မိမိတို့နိုင်ငံမှ သာမန်ပြည်သူများ၏ နိစ္စဓူဝလူမှုစီးပွားဘဝများမှာ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲကြီးကြောင့် တစ်စုံတစ်ရာရိုက်ခတ်မှု၊ သက်ရောက်မှုတို့ သိသာထင်ရှားစွာ ဖြစ်ပေါ်မလာသေး။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးဖြစ်သည့် ၇၇ နှစ်တာကာလအတွင်း ကမ္ဘာကြီးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးများက ပုံဖော်ဖန်တီးခဲ့သည့် ကမ္ဘာ့အစီအစဉ်ကြီး နှစ်ရပ်ကိုဖြတ်သန်းခဲ့ကြရသည်။ ပထမအစီအစဉ်မှာ စစ်အေးကာလတစ်လျှောက် ဒွိဝင်ရိုးကမ္ဘာနှင့် ဒုတိယအစီအစဉ်မှာ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ဖြစ်ပေါ်လာသည့် ဧကဝင်ရိုးကမ္ဘာဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးကာလ ယင်းကမ္ဘာ့အစီအစဉ်ကြီးနှစ်ရပ်ကို အဓိကလွှမ်းမိုးထားသည်မှာ အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနိုင်ငံများဖြစ်ပြီး နည်းပညာ၊ ဓနအင်အား၊ မီဒီယာအားသာချက်များဖြင့် ကုလသမဂ္ဂအပါအဝင် ကမ္ဘာလုံးဆိုင်ရာ အင်စတီကျူးရှင်းများတွင် ၎င်းတို့၏စံနှုန်းများကို တစ်ဖက်သတ်သွတ်သွင်းကာ ၎င်းတို့စိတ်တိုင်းကျ ကမ္ဘာကိုပုံဖော်ခဲ့ကြခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် နယ်ချဲ့တို့၏ ကမ္ဘာအနှံ့အပြားမှ ကိုလိုနီအင်ပါယာများပြိုကျသွားပြီး အာရှနှင့်အာဖရိကမှ နိုင်ငံအများအပြား လွတ်လပ်ရေးရခဲ့ကြသည်။ တစ်ချိန်က ပဒေသရာဇ် နိုင်ငံများဘဝဖြင့် နယ်ချဲ့လက်အောက်ကျရောက်ခဲ့ရပြီး သယံဇာတများထုတ်ယူကျွန်ပြုခံခဲ့ကြရသည့် နိုင်ငံငယ်များ လွတ်လပ်ရေးရရှိချိန်တွင် နယ်ချဲ့စနစ်၏ ဒဏ်ရာဒဏ်ချက်များစွာလည်း ပါရှိလာသည်။ လွတ်လပ်ရေးရရှိလာသည့် နိုင်ငံများ၏အချုပ်အခြာအာဏာပိုင် နိုင်ငံများအဖြစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အနောက်ကမ္ဘာ၏စံနှုန်းများ သွတ်သွင်းထားသော ကမ္ဘာ့အစီအစဉ်များက အဆုံးအဖြတ်ဖြစ်လာသည်။ ဤအခြေအနေသည် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့် ကာလမှစတင်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၈၀ ကြာမြင့်ခဲ့ပြီးနောက် ယနေ့ကမ္ဘာကြီးမှာ တတိယမြောက် ဝင်ရိုးပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ယခုအပြောင်းအလဲမှာ ဗဟုဝင်ရိုးကမ္ဘာဟုဆိုကြသည့် ဝင်ရိုးစုံကမ္ဘာဟု ပညာရှင်တို့ကဆိုကြသည်။
ယနေ့ကမ္ဘာသည် အင်အားကြီးနိုင်ငံတစ်နိုင်ငံ အုပ်စုတစ်စုက ကမ္ဘာ့ရေးရာကို စိတ်ကြိုက် ခြယ်လှယ်နိုင်သည့် ကမ္ဘာမဟုတ်တော့ဘဲ နောက်ထပ်ပေါ်ထွက်လာသည့် အင်အားကြီးနိုင်ငံများ၊ ဒေသအလိုက်စုဖွဲ့ထားသည့် နိုင်ငံပေါင်းချုပ်များနှင့်အတူတကွ သို့မဟုတ် အပြိုင်ပုံဖော်ကြရမည့် ကမ္ဘာဖြစ်လာသည်။ လတ်တလောတွင် နယ်ပယ်စုံ၊ ကဏ္ဍစုံတို့၌ ပါဝါပြိုင်ဆိုင်မှုများကို မိမိတို့တွေ့မြင်နေကြရပြီး မိတ်ဓာတ် - ရန်ဓာတ် မကွဲပြားသေးသည့် ထူးထူးခြားခြားအခြေအနေ များကိုလည်း တွေ့မြင်နေရသည်။ ဤသို့ ကမ္ဘာတွင် မဟာအပြောင်း အလဲကြီးဖြစ်ပေါ်နေစဉ် မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခတို့ အရှိန်မသတ်နိုင်သေး။ ရွှေအခွင့်အရေးသည် အိမ်ရှေ့သို့အရောက်လာ၍ တံခါးခေါက်စဉ်တွင် အိမ်တွင်းရန်ပွဲ ရပ်စဲသင့်ပြီဖြစ်သည်။
မတ် ၂၁ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သည့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲတွင် ရုရှားနိုင်ငံမှ ပါမောက္ခ Mr. Alexander Dugin ၏ ဆွေးနွေးသုံးသပ်ချက်တစ်ခုမှာ လွန်စွာထူးခြားသည်။ “မြန်မာနိုင်ငံသည် ဒေသတွင်းအင်အားကြီးနိုင်ငံ တစ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်အမှတ်သရုပ်၊ ယဉ်ကျေးမှုဆိုင်ရာ အမှတ်သရုပ်တို့နှင့်ပတ်သက်၍ စဉ်းစားသင့်ပါကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံကြား ဟန်ချက်ညှိမှုလည်းဖြစ်ပါကြောင်း၊ ကိုယ်ပိုင် ဒိုင်မန်းရှင်းတစ်ခု ဖန်တီးထိန်းသိမ်းခြင်းလည်းဖြစ်ပါကြောင်း၊ ထိုအရာသည် အခွင့်အလမ်းတံခါးပေါက်ဖြစ်သကဲ့သို့ အချုပ်အခြာအာဏာကို ပိုမိုခိုင်မာစေမှုလည်း ဖြစ်ပါကြောင်း” ဟူ၍ ဆွေးနွေးသွားခြင်းဖြစ်သည်။
ကမ္ဘာ့ဝင်ရိုးအပြောင်းအလဲသည် မိမိတို့နိုင်ငံ၏ လက်ရှိပကတိ အခြေအနေအရ အခွင့်အလမ်း ကြီးကြီးမားမားကို မျှော်မှန်းနိုင်သလို စိန်ခေါ်မှုလည်းကြီးမားသည်။ ပြည်တွင်းစည်းလုံးညီညွတ်မှုသည် အဓိကကိုယ်ခံစွမ်းအားပင်ဖြစ်ပြီး ဒေသတွင်းအင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် တည်ဆောက်နိုင်ရန်အတွက် စမှတ်လည်းဖြစ်သည်ကို နားလည်ခံယူကာ ဉာဏ်ပညာရှေ့သွား၊ နှလုံးရည်စွမ်းအားဖြင့် နိုင်ငံကို လက်တွေ့တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရ ပါကြောင်း။ ။