နေပြည်တော် ဧပြီ ၁၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ ပြင်းထန်သော မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော နေပြည်တော် - မန္တလေးရထားလမ်းပိုင်းရှိ ရထားလမ်းနှင့် တာပေါင်များ၊ ရထားလမ်းတံတားများ၊ ဘူတာများ၏ အခြေအနေ၊ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)၊ စစ်ကိုင်းတံတား(အင်းဝ)၊ ဒီဇယ်စက်ခေါင်း စက်ရုံ(မန္တလေး)၊ မန္တလေးဘူတာ ကြီးနှင့် မန္တလေးမြို့ရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းများ ပျက်စီးမှုအခြေအနေတို့ကို စစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် နေပြည်တော်- မန္တလေးရထားလမ်းပိုင်းရှိ ပြင်းထန်သော မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောရထားလမ်းနှင့် တာပေါင်များ၊ ရထားလမ်းတံတားများ၊ ဘူတာများ၏ အခြေအနေနှင့် ပြန်လည်ပြုပြင် ဆောင်ရွက်ထားမှုအခြေအနေတို့ကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးပြီး တံတားအဝင်/အထွက် နေရာများနှင့် ရထားလမ်းတာပေါင်ပေါ် မြေသားများအက်ကွဲ၍ တာပေါင် နိမ့်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ Level Alignment အား စနစ်တကျ ပြန်လည်စစ်ဆေး ပြုပြင်သွားရန်၊ တာပေါင်နေရာများတွင် မြေဖို့ ဖိကြိတ်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ကွေ့နေရာများတွင် ကွေ့ဒီဂရီနှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေး ဆောင်ရွက်သွားရန်၊ တံတားကြီးများရှိ ကမ်းကပ်ခုံ၊ ရေလယ်တိုင်နှင့် သံပေါင်များအား စနစ်တကျစစ်ဆေး၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြင်းထန်သော မြေငလျင်ဒဏ်ကြောင့် သံပေါင်ခုံးများ ပြုတ်ကျခဲ့သည့် စစ်ကိုင်းတံတား(အင်းဝ)သို့ သွားရောက်ပြီး မန္တလေးဘက်ကမ်းကပ်ခုံနှင့် မပြုတ်ကျသေးသည့် ပေ ၃၅၀ အရှည် သံပေါင်ခုံး တို့ကိုလည်းကောင်း၊ ဧရာဝတီမြစ်အတွင်း ပြုတ်ကျသွားသည့် သံပေါင်ခုံးများနှင့် ရေလယ်တိုင်များကိုလည်းကောင်း၊ စစ်ကိုင်း ဘက် ကမ်းကပ်ခုံ၊ ပေ ၆၀ သံပေါင် ၆ ခု နှင့် ပေ ၂၅၀ အရှည် သံပေါင်ခုံး တို့ကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက် သင့်သည်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)၊ ဒီဇယ်စက်ခေါင်းစက်ရုံ(မန္တလေး)၊ မန္တလေးဘူတာကြီးနှင့် မန္တလေးမြို့ရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းများသို့ သွားရောက်စစ်ဆေးပြီး ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံများအား ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်၊ ပြန်လည်ပြုပြင်တည်ဆောက်၍ရသော အဆောက်အအုံများကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဖြစ်စေရေးတာဝန်ရှိသူများအနေဖြင့် စနစ်တကျတာဝန်ပေးအပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန်၊ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းရေ/ မီးပိုင်းဆိုင်ရာများကို စနစ်တကျဆောင်ရွက်ပေးသွားရန်နှင့် အန္တရာယ်ရှိသော အဆောက်အအုံများတွင် လူနေထိုင်ခြင်းများ မပြုရန်၊ ဌာနအလိုက် တာဝန်ရှိသူများကလည်း လိုအပ်သည်များ စီစဉ်ထောက်ပံ့ပေးသွားရန်နှင့် ပြန်လည်အသုံးပြုနိုင်သည့်ဆယ်တင်ပစ္စည်းများကို အလေအလွင့်မဖြစ်အောင် စနစ်တကျ ပြန်လည်အသုံးပြုသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်