နေပြည်တော် ဧပြီ ၁၂
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများ ယာယီနေရာချထားရေး နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် ဦးစိုးကြည်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စီစဉ်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ယာယီတည်းခိုရေးစခန်းများတွင် နေထိုင်နေကြရသော ဝန်ထမ်းမိသားစုများအား မိုးမကျမီသက်သောင့်သက်သာဖြင့် လုံခြုံစွာနေထိုင်နိုင်ရန် ယာယီဘာရှာ များတွင်နေထိုင်နိုင်ရေးဆောလျင်စွာ စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများကို အနီရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့် အပြာရောင်အဆင့်ဟူ၍ ခွဲခြားသတ်မှတ်ထားပြီး အပြာရောင်အဆင့် အိမ်ရာများသည် ပြန်လည်နေထိုင်နိုင်ပြီဖြစ်သဖြင့် ဝန်ထမ်းများ အမြန်ဆုံးနေထိုင်နိုင်ရေးအတွက် စီစဉ်ပေးရန်လိုကြောင်း၊ ယာယီဘာရှာတည်ဆောက်မှုများကို မေလအကုန်တွင်အပြီး တည်ဆောက်နိုင်ရန်လျာထားပြီး လုံခြုံစွာနှင့် သက်သောင့်သက်သာ နေထိုင်နိုင်ရေးအတွက် စီစဉ်ပေးသွားရမည်ဖြစ်ကြောင်း၊ ယာယီရုံးများဖွင့်လှစ်၍ ရုံးလုပ်ငန်းများပုံမှန် လည်ပတ်နိုင်ရေးနှင့် ဝန်ထမ်းများ အခက်အခဲမရှိ နေထိုင်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် လိုအပ်ချက်များကို စိစစ်တင်ပြပြီး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ငလျင်လှုပ်ခတ်ပြီးသည့်အချိန်မှစတင်၍ ရှာဖွေကယ်ဆယ်ရေးအပိုင်းကို အတိုင်းအတာ တစ်ခုအထိ အဓိကထားဆောင်ရွက်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအတွက် အားကစားကွင်းများတွင် ယာယီဆေးရုံများ ဖွင့်လှစ်ထားကြောင်း၊ ယခုအချိန်တွင် ပြန်လည်ထူထောင်ရေးအပိုင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ ကျန်းမာရေး စသည့်လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယခင်ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်များကို အတွေ့အကြုံယူ၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဝန်ကြီးဌာနအလိုက် ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝန်ကြီးဌာနအလိုက် အိမ်ထောင်သည်၊ လူပျို၊ အပျို ဝန်ထမ်းအင်အားစာရင်း၊ ယာယီနေရာချထားရေးဆောင်ရွက်ရာတွင် မိမိအစီအစဉ်ဖြင့် နေထိုင်မည့်စာရင်းများ၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် နေထိုင်မည့်စာရင်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့် နေထိုင်မည့်စာရင်းများနှင့် အပြာရောင်အဆင့် တိုက်များတွင်နေထိုင်မည့် ဝန်ထမ်းဦးရေ၊ ယာယီတည်းခိုရေးစခန်းများနှင့် ဝန်ကြီးဌာနများတွင် ယာယီရုံးများတည်ဆောက်ပြီးစီးမှု အခြေအနေနှင့် မိုးမကျမီယာယီဘာရှာများ အမြန်ဆုံးတည်ဆောက်သွားမည့်အစီအစဉ်တို့ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နေသည့် ဉာဏသိဒ္ဓိရပ်ကွက်နှင့် ဓနသိဒ္ဓိရပ်ကွက်တို့ရှိ ယာယီတည်းခိုရေးစခန်းများသို့ သွားရောက်၍ အဆင်ပြေချောမွေ့စွာ နေထိုင်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်တွင် ယာယီတည်းခိုရေးစခန်းတည်ဆောက်ရန် စိစစ်ရွေးချယ်ထားသည့် အဆောက်အအုံအား ကြည့်ရှုစစ်ဆေး၍ ဆောလျင်စွာတည်ဆောက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်