တန်ခူးလသင်္ကြန်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည်။ ရှေးမြန်မာအစဉ်အဆက် သမိုင်းကြောင်းရှည်လျားသည့် အစဉ်အလာကြီးမားသည့် ပွဲတော်ကြီးဖြစ်သည်။ မြန်မာ့မြေဖွား ဘာသာပေါင်းစုံ လူမျိုးတိုင်းက စိတ်အားထက်သန်စွာ စောင့်မျှော်ကြသည့်ပွဲတော်ဖြစ်သည်။ ရှေးခေတ်မဟာအတုလမင်းကြီးတို့ သင်္ကြန်ရေသဘင်ပွဲတော်ကို လွမ်းကြသလို ယနေ့ကာလတွင်လည်း မြန်မာလူမျိုးများ အားလုံးတမ်းတလွမ်းလျ စိတ်ဝင်စားသည့်ပွဲတော်ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည့် သင်္ကြန်ကာလ၌ အပျော်အပါး များသလို ကုသိုလ်ပွဲများလည်း စုံလင်လှသည်။ ရှေးကငွေဖလားဖြင့် ရေကစားကြဖို့သာ ဦးစားပေးခဲ့ကြပြီး ယနေ့ကာလတွင် အားလုံးစိုရွှဲနည်းအမျိုးမျိုးနွှဲ၍ ရေပက်ဖျန်းကြသည်။ ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် သင်္ကြန်ကာလတွင် သက်ကြီးပူဇော်ပွဲ၊ နှစ်သစ်မင်္ဂလာအခါတော်ပွဲ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲ၊ သတ္တဝါများ အသက်လွှတ်ဘေးမဲ့ပေးပွဲ၊ ကပ်ကျော်လာဘ်ခေါ် မုန့်လုံးရေပေါ်ဒါနပြုပွဲ၊ မုန့်လက်ဆောင်း၊ ရွှေရင်အေးကဲ့သို့ အာဟာရဒါနပြုပွဲ၊ ဥပုသ်သီလဆောက်တည်ခြင်း၊ သင်္ကြန်တွင်း တရားစခန်းပွဲစသည်ဖြင့် ကောင်းခြင်းအဖြာဖြာတို့ ပြုလုပ်ကြသည်။
မဟာသင်္ကြန်သည် နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်ပြီး လူသစ်စိတ်သစ်ဖြင့် နှစ်သစ်ဖြတ်သန်းကြရန်ဖြစ်သည်။ သင်္ကြန်ရေနှင့် ဆေးကြောသန့်စင်ရုံဖြင့် စိတ်တို့သည် စင်ကြယ်မွန်မြတ်ကောင်းမွန် လာမည်မဟုတ်ပေ။ မိမိတို့စိတ်ကို သင်္ကြန်ရေဖြင့် ဆေးကြောသလို ဖြူစင်သော စိတ်ထားများဖြင့် ကောင်းသောအမှုများကို ဆတက်ထမ်းပိုး ပြုလုပ်ကြရန်ဖြစ်သည်။ အညစ်အကြေးများကို သင်္ကြန်ရေဖြင့်ဆေးကြောသလို နှစ်ဟောင်းမှ မကောင်းမှုများ အားလုံးကို ဖယ်ရှားရှင်းလင်းထားရစ်ခဲ့ရန်ဖြစ်သည်။ ယခုနှစ်သင်္ကြန်သည် ယခင်နှစ်များနှင့်မတူ ပြုပြင်ဆင်ခြင်ဆင်နွှဲရမည်ကို အားလုံးသတိပြုမိကြမည်ဖြစ်သည်။ ပူဆွေးသောကရောက်ကြရသော ပြည်သူများ၏ဘဝများ အေးချမ်းစေရန်အတွက် သင်္ကြန်ရေအေးဖြင့် ဆုမွန်ခြွေရမည်ဖြစ်သည်။
ပြီးခဲ့သည့်ကာလများက ကြုံတွေ့ခဲ့ရသည့်သောကများကြောင့် မြူးထူးပျော်ရွှင်မှုများကို ရှောင်ရှားကြရမည်ဆိုသော်လည်း မြန်မာတို့၏ ယဉ်ကျေးမှုအတာသင်္ကြန်နှင့်ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားရမည့် ဂုဏ်ဒြပ်များနှင့် ယဉ်ကျေးမှုအစဉ်အလာတို့ကို ယဉ်ကျေးသိမ်မွေ့စွာ ထုတ်ဖော်ထိန်းသိမ်းကြရမည်ဖြစ်သည်။ အစဉ်အလာယဉ်ကျေးမှုလည်းမပျောက် ဆင်ခြင်ထိန်းသိမ်း ဆောင်ရွက်ရာလည်းရောက်အောင် ကျင်းပဆင်နွှဲနေသည်ကို တွေ့ရ၍ ဝမ်းမြောက်မိသည်။ မြန်မာလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယူနက်စကိုက လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် တင်သွင်းအသိအမှတ်ပြုခြင်းခံခဲ့ရသည်။
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ သတ်မှတ်ခြင်းခံခဲ့ရသဖြင့် ယခုနှစ်သင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအစဉ်အလာတို့ အပြင်တစ်မူထူးခြား စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် နိုင်ငံတော်နှင့် အများပြည်သူတို့ ထိခိုက်ပျက်စီးဆုံးရှုံးမှု ပမာဏကြီးမားခဲ့သည်ကို စာနာထောက်ထားနားလည်သောအားဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့် လိုက်လျောညီထွေစွာ သင့်မြတ်ဆီလျော်အောင် ကျင်းပဆင်နွှဲနေသည်ကို တွေ့ရသည်။ ယခုနှစ်တွင် ရှေးယခင်နှစ်များကဲ့သို့ စည်ကားမှုမရှိသော်လည်း သင်္ကြန်၏အနှစ်သာရများကို ထိန်းသိမ်းဖော်ထုတ်နိုင်ခဲ့သည်။ ယခုနှစ်သင်္ကြန်အပေါ် အမြင်အမျိုးမျိုးရှိမည်ဖြစ်သော်လည်း ဖြစ်ထွန်းပေါ်ပေါက်မှု အခြေအနေများနှင့်လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်ခဲ့ကြသည်ကို နားလည်ရမည်ဖြစ်သည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်ခံစားကြရသည့် ဒေသအသီးသီးမှ ထိခိုက်နစ်နာဆုံးရှုံးသူ ပြည်သူများကို စာနာထောက်ထားသောအားဖြင့် ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို အပျော်အပါးနှင့် သီဆိုကခုန်ခြင်းများမပါဘဲ မြန်မာ့မူ၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့သောသင်္ကြန်၊ အေးချမ်းသာယာသောသင်္ကြန်အဖြစ်ကျင်းပပြီး ၁၃၈၇ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရန် နိုင်ငံတစ်ဝန်း၌ ဆင်နွှဲနေကြပြီဖြစ်သည်။ နှစ်သစ်ကို အတာရေအေးဖြင့် ပက်ဖျန်းကြိုဆိုပြီး အေးချမ်းသောမြန်မာ၊ ပျော်ရွှင်သောမြန်မာ၊ တိုးတက်သောမြန်မာဖြစ်လာအောင် ကြိုးပမ်းကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်မှ ရရှိလာသော လန်းဆန်းမှုများ၊ စိတ်ဓာတ်ခွန်အားများဖြင့် ငလျင်ဘေးဒဏ်ခံစားရသည့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သလို နှစ်သစ်တွင် ဖြစ်ထွန်းလာမည့် မွန်မြတ်ကောင်းမွန်သော စိတ်ထားများဖြင့် နိုင်ငံသူနိုင်ငံသားအချင်းချင်း စာနာထောက်ထားပြီး ရိုင်းပင်းကူညီဖေးမကြကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်း သာယာဝပြောအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။