Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြည်သူများ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ကုသိုလ်ကောင်းမှုများပြုလုပ်ကြသည့်အပြင် မဟာသင်္ကြန်ရေအေးပက်ဖျန်းကာ စုပေါင်းဆင်နွှဲလျက်ရှိ

ရန်ကုန် ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသည် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ကုသိုလ်၊ ဒါနကောင်းမှုကုသိုလ်များ ပြုလုပ်ကြသည့်အပြင် မဟာသင်္ကြန်ရေအေးပက်ဖျန်းကာ စုပေါင်းဆင်နွှဲလျက်ရှိကြသည်။

၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အကြတ်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေတိဂုံစေတီတော် မြတ်ကြီးအပါအဝင်ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ကုသိုလ်ဒါနပြု ဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားဒေသနာတော်များရရှိစေရန် မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် တရားရိပ်သာတရားစခန်းများ၌ တရားထိုင်ခြင်း၊ စတုဒိသာများ ကျွေးမွေး လှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြသည်။

ထို့အတူ သင်္ကြန်ကာလအတွင်း ဖွင့်လှစ်ထားရှိသည့် တရားစခန်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် နဝရတ်ပတ်လမ်းရှိ မူလမင်ကွန်းဓမ္မရိပ်သာကျောင်း ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမနက တရားချစ်ခင်သူတော်စင်သူမြတ်အပေါင်းတို့အား တရားဒေသနာတော်များ ဟောကြားတော်မူရာ နာယူကြည်ညိုကြသည်။

မဟာသင်္ကြန်အကြတ်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် လှော်ကားရေလှောင်ကန်၌ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့်ဇနီးများ၊ တာဝန်ရှိသူများက ငါးမြစ်ချင်းကောင်ရေ ၅၀၀၀ ကို လှော်ကားရေလှောင်ကန်အတွင်း သို့ ကုသိုလ်ဒါနပြု လွှတ်ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများသည် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ အလှူရှင်များက ပြည်သူများအား စတုဒိသာကျွေးမွေးလှူဒါန်းနေမှုနှင့် လမ်းလျှောက်မဟာသင်္ကြန်တွင် ပြည်သူများ အေးချမ်းသာယာစွာ စုပေါင်းရေကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ပွဲတော်လာပြည်သူများအား သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။

ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းမိသားစုများ စုပေါင်း၍ စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲကို ယနေနံနက်ပိုင်းကအဆိုပါ စည်ပင်သာယာရေးကော်မတီရုံး ဝင်းအတွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး စတုဒိသာကျွေးမွေးနေမှုကို ကြည့်ရှုအားပေးကာ ဝန်ထမ်းမိသားစုများအား သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။

မဟာသင်္ကြန်အကြတ်နေ့၌ ရန်ကုန်မြို့ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများသင်္ကြန်ရေကစားနိုင်ရန် တာဝန်ရှိသူများက ရင်ပြင်ပတ်လည်၌ စတုဒိသာမဏ္ဍပ်များ ထားရှိပေးပြီးအလယ်တွင် လောင်းလှေငယ်များ ထားရှိကာ ပြည်သူများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ စုပေါင်းရေကစားကြပြီး မြန်မာ့သနပ်ခါး လိမ်းခြယ်ပေးကြသည်။

ရန်ကုန်မြို့မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေး ရန်ကုန်လမ်းလျှောက် မဟာသင်္ကြန်တွင်လည်း ရန်ကုန်မြို့တော်သူ မြို့တော်သားများက အေးသင်္ကြန်ကို စုပေါင်းကာ အေးချမ်းသာယာစွာ ကစားကြပြီး သင်္ကြန်မယ်လေးများက မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ သနပ်ခါးလိမ်းခြယ်သရုပ်ဖော်ကြသည်။

ထို့ပြင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ယာဉ်ရပ်နေရာ၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး(ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်အတက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအား ရွှေရင်အေး များဖြင့် စတုဒိသာကျွေးမွေးကြသည်။

အလားတူ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်မိသားစုများ စုပေါင်းကာ ထမင်း၊ ကြက်သားဟင်း၊ ပဲဟင်းတို့ဖြင့် ကျွေးမွေးလှူဒါန်းကြသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိခရိုင်၊ မြို့နယ်၊ ရပ်ကွက်များ၌လည်း ပြည်သူများက အေးချမ်းသာယာစွာ စုပေါင်းရေကစားကြပြီး အလှူရှင်များ ကျွေးမွေးသည့် စတုဒိသာများကိုသုံးဆောင်လျက်ရှိကြောင်း သိရသည်။

နေကိုဇော် (သတင်းစဉ်)

ဓာတ်ပုံ-ဇော်မင်းလတ်