Skip to main content

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံခြားသား အပါအဝင် အကျဉ်းသား အကျဉ်းသူ ၈၉၁ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု

ရန်ကုန် ဧပြီ ၁၇

မြန်မာ့နှစ်သစ်ကူး အခါသမယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ အမိန့်အမှတ် ၃၀၊ ၃၁ နှင့် ၃၂/၂၀၂၅ ဖြင့် အကျဉ်းထောင်၊ အလုပ်ထောင်နှင့် အလုပ်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားအကျဉ်း သူတို့အား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့ရာ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံခြားသားအပါအဝင် အကျဉ်းသားအကျဉ်းသူ ၈၉၁ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ရရှိကြသည့် အကျဉ်းသား အကျဉ်းသူများကို အင်းစိန်ဗဟို အကျဉ်းထောင်မိုးလုံလေလုံ အားကစားရုံခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် စိန်လွင်တို့က ဆုံးမသြဝါဒစကားများ ပြောကြားကြသည်။

မြန်မာ့နှစ်သစ်ကူးအခါ သမယနေ့တွင် အင်းစိန်အကျဉ်းထောင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ နိုင်ငံခြားသားအကျဉ်းသား ၁၀ ဦး၊ အကျဉ်းသား ၆၅၅ ဦးနှင့် အကျဉ်းသူ ၂၂၆ ဦး စုစုပေါင်း ၈၉၁ ဦးတို့ကို သက်ဆိုင်ရာခရိုင်အလိုက် YBS ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ လာရောက်ကြို ဆိုသူများ က ဝမ်းသာပီတိပျော်ရွှင်မှုတို့ဖြင့် အင်းစိန်ဗဟိုအကျဉ်း ထောင်ဂိတ်ဝတွင် ကြိုဆိုနှုတ် ဆက်ခဲ့ကြကြောင်းသိရသည်။

ညိမ်းသူ(သတင်းစဉ်)