နေပြည်တော် ဧပြီ ၁၈
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး အသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွာထောင်ရွပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်း၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦး ပုညရှင်စေတီ၊ ဥမင်ကိုးဆယ်စေတီ၊ သီတဂူကျောင်းတိုက်နှင့် ထွဋ်ခေါင်ရပ်ကွက်ရှိ ရတနာထွဋ်ခေါင်စေတီများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အဦများနှင့် ကျောင်းဆောင်အဆောက်အဦများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် . မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများကို လည်းကောင်း၊ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး နေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းဆောင်အဆောက်အဦများအား လည်းကောင်း၊ မလေးရှားနိုင်ငံ ဘေးဘက်ဆိုင်ရာကုသရေးအဖွဲ့မှ “Col. Nurul ဦးဆောင်သည့် ဆေးကုသရေးအဖွဲ့ များအားလည်းကောင်း၊ ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းသို့ လည်းကောင်း၊ နန်းဦးမြို့သစ်ရှိ ဓမ္မသီတလကျောင်းတိုက်နှင့် သောတပန်ရပ်ကွက်ရှိ ဇိနောဒယပရိယတ္တိစာသင်တိုက်များတွင် ပြိုကျပျက်စီးလျက်ရှိသည့် သာသနိက အဆောက်အဦများအားလည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ မြို့ဦးရပ်၊ ဇော်ဂျီမြစ်ဘေးရှိ ငလျင်ဒဏ်ကြောင့် မြေများအက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် လူနေရပ်ကွက်နေရာများ၌ မိုးရွာသွန်းမှုများကြောင့် ဇော်ဂျီမြစ်ရေတိုး၍ မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်မှုအခြေအနေများကို သွားရောက်ကြည့်ရှု၍ နေအိမ်များထပ်မံထိခိုက်မှု မဖြစ်ပေါ်စေရေးနှင့် ရေတိုက်စားမှုထပ်မံ မဖြစ်ပေါ်စေရေးအတွက် လိုအပ်မည့် မြစ်ကြောင်းထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြစ်ကြောင်းဖြောင့်ခြင်း၊ မြစ်ကြောင်းစီးဆင်းမှုအဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ခြင်း၊ မြစ်ကမ်းပါး တစ်လျှောက် လိုအပ်သည့်နေရာများတွင် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ မြစ်ကမ်းပါး တစ်လျှောက် ရေတိုက်စားမှုဒဏ်ကာကွယ်နိုင်မည့် သစ်ပင်များစိုက်ပျိုးခြင်း၊ မြစ်တစ်ဖက်ကမ်းရှိ သောင်စွယ်ကိုဖြတ်ထုတ်၍ ရေစီးကြောင်း ဦးတည်ရာပြောင်းလဲ စေခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်သောမြစ်ကြောင်း ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တင်ပြဆောင်ရွက်သွားရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ကျောက်ဆည်မြို့ အတွင်းရှိ ငလျင်ဒဏ်ခံခဲ့ရသော အဆောက်အဦများမှ အန္တရာယ်ရှိ အဆောက်အဦများ ရှင်းလင်းဆောင်ရွက်နေမှုများကို လည်းကောင်း တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောက်ဆည်မြို့အတွင်း ငလျင်ဒဏ်သင့် အဆောက်အဦများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ယနေ့အထိ အန္တရာယ်ရှိအဆောက်အဦများအနက် (၄၀)လုံးကို ရှင်းလင်း ဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အဦ(၂၃)လုံးကို အင်တိုက်အားတိုက် ဖြင့် အမြန်ဆုံးရှင်းလင်း နိုင်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး၏ အန္တရာယ်ဇုန်အတွင်းကျရောက်နေသော မြို့မဈေးကြီးသည် လတ်တလောဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ယာယီဈေးအဖြစ် ပြောင်းရွေ့ဖွင့်လှစ်နိုင်မည့် စည်ပင်သာယာရေးပိုင်နယ်နိမိတ်ဖြစ်သော ဖောင်းရွာရပ်ကွက်ရှိ ၂၀ ဒသမ ၅၆ မြေဧကအကျယ်ရှိ ဖောင်းရွာကွင်းအား လည်းကောင်း၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး တည်ရှိနေမှုအခြေအနေ CCTV မှတ်တမ်းအား အသေးစိတ် ကြည့်ရှုပြီး သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းရွှေမုဋ္ဌော ဘုရားအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက အသေးစိတ် စစ်ဆေးနေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်၊ အေးမြကြည်လင်ဈေး ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဈေးမုခ်ဦးနှင့်အဆောက်အဦများအား ရှင်းလင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဈေးပုံမှန်ပြန်လည်ရောင်းချနေမှုများအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်ရှိ မိုးကောင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဓမ္မာဓိပတျာလင်္ကာရ အား ဖူးမြော်ကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့်နေရာများအား ကြည့်ရှု၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ အား မှာကြားသည်။
ဆက်လက်၍ တောင်သမန်ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့်နေရာများအား ကြည့်ရှုပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ အား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။