မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပမာဏကြီးမားများပြားလှသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာတွင် စာသင်ကျောင်းပေါင်း ၂၅၁၄ ကျောင်းလည်း ပါဝင်သည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လာမည့်ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ် သွားရမည် ဖြစ်ရာ စာသင်ကျောင်းများ၏ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေကိုလိုက်၍ အသေးစားပြင် ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်းနှင့် ပြန်လည်အသုံးမပြုနိုင်တော့သည့် အဆောက်အအုံကို ဖြိုချရှင်းလင်းပြီး အသစ်ပြန်လည် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးများအားလုံး မပျက်မကွက် ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ “စာသင်ကျောင်း များနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများအား အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ပေးသွားရန်လိုကြောင်း၊ ကလေးငယ်များ ကျောင်းဖွင့်ချိန်၌ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြင်ဆင်ရန်လိုအပ်သည့် စာသင်ကျောင်းများအလိုက် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဆောက်အအုံများ ကောင်းမွန်ခိုင်ခံ့မှုရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ သို့ဖြစ်ရာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ကျောင်းများကို ပြန်လည်ပြုပြင်ရာတွင် အချိန်မီ ပြုပြင်နိုင်မည့် ကျောင်းအဆောက်အဦများကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်ရမည်ဖြစ်သကဲ့သို့ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ကောင်းမွန်ခိုင်ခံ့စေရန်အတွက်လည်း အလေးထား၍ စနစ်တကျ ဆောင်ရွက် သွားကြရမည်ဖြစ်သည်။
အင်အားအလွန်ပြင်းထန်သည့် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ခဲ့ချိန်သည် စာသင်ကျောင်းများ ပိတ်ထားသည့်အချိန် ဖြစ်ခဲ့ခြင်းမှာ လွန်စွာကံကောင်းလှသည်။ အကယ်၍သာ စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများနှင့် ပြည့်နေချိန်တွင် ဖြစ်ပေါ်ခဲ့မည်ဆိုပါက လွန်စွာကောင်းမွန်ခိုင်ခံ့သည့် ကျောင်းအဆောက်အအုံများကသာ ကလေးများကို အကာအကွယ် ပေးနိုင်လိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ အခြေခံပညာကျောင်းပေါင်း ၄၆၀၀၀ ကျော်ရှိရာ နှစ်စဉ်ကျောင်းနေအရွယ် ကလေးငယ် သိန်းပေါင်းများစွာ တက်ရောက်ပညာသင်ကြား လျက်ရှိသည်။ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် မိမိတို့နိုင်ငံအနေဖြင့် ကျောင်းအဆောက်အဦများနှင့် ကျောင်းသူကျောင်းသား ကလေးငယ်များအား သဘာဝဘေး အန္တရာယ် အမျိုးမျိုးတို့မှ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ လေ့ကျင့်မှုများ၊ အသိပညာပေးမှုများကို အလေးဂရုပြုဆောင်ရွက် ကြရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် မြေငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းပေါင်း ၂၅၀၀ ကျော်ကို ပြန်လည်ပြင်ဆင် တည်ဆောက်မှုများ ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ရေရှည်တွင် စာသင်ကျောင်းများအားလုံး မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စသည့် ဘေးအမျိုးမျိုးတို့မှ လုံခြုံစွာကာကွယ်နိုင်ရန် ပြုပြင်မွမ်းမံ တည်ဆောက်သွားကြရမည်ဖြစ်သည်။
အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အထိ ပြင်းထန်သော မြေငလျင်လှုပ်ခဲ့ရာတွင် အင်ဂျင်နီယာပညာရှင်များ၏ စနစ်တကျ ကြပ်မတ်ကွပ်ကဲမှုနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ခဲ့သည့် အဆောက်အဦများမှာ ခံနိုင်ရည်ရှိခဲ့ပြီး လူအသေအပျောက် ကင်းခဲ့သည်ကို စံနမူနာယူ၍ စာသင်ကျောင်း များအပါအဝင် ပြုပြင်တည်ဆောက်ကြရမည့် အဆောက်အဦ တိုင်းကို စံချိန်မီတည်ဆောက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံ၏အနာဂတ်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာ နေရာဌာနများဖြစ်သော စာသင်ကျောင်းများကို သဘာဝဘေးအန္တရာယ်အမျိုးမျိုး ခံနိုင်ရည်ရှိသည့် အဆောက်အဦ များအဖြစ် ကြိုတင်မျှော်တွေး တည်ဆောက်သွားကြရပါမည့် အကြောင်း။ ။