လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သည့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) သည် ကယားပြည်နယ်မှလွဲ၍ နိုင်ငံအနှံ့ တွင် ဖြစ်ပွားနေသည်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့တွင် ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ )
စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ) တွင် နေထိုင်သည့် ပြည်သူများ အနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်ထုတ်ပြန်ကြေညာခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် နေအိမ်၌သာ နေထိုင်ရေး စည်းကမ်းချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူများတွင် ဖြည့်စွက်ချက်ကို အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၅ ရက်နေ့တွင် ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများ အား အောက်တိုဘာလ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြု ကြောင်း အမိန့်ကို ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော တစ်ချိန် တည်းတွင် ကိုဗစ်-၁၉ ကြောင့် တုံ့ဆိုင်းသွားသော၊ ရပ်တန့်သွားသော စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုမရှိအောင်၊ ထိခိုက်မှုများကို ကုစားပေးနိုင်အောင် နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုဗစ်ဆိုင်ရာ အမိန့် ထုတ်ပြန်မှုကြောင့် လုပ်ငန်းများခေတ္တ ရပ်ဆိုင်း၍ဖြစ်စေ၊ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများအဆင်မပြေတော့၍ဖြစ်စေ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင် ခြင်းမရှိလျှင်လုပ်ငန်းရှင် များနှင့် အလုပ်သမားများ ထိခိုက် နစ်နာသည်သာမကနိုင်ငံ၏ကုန်ထုတ်လုပ်မှု၊ နိုင်ငံ၏စီးပွားရေးတို့ကို ထိခိုက်နစ်နာမှုဖြစ်စေသည်။
လက်ရှိ၌ ရန်ကုန်မြို့တွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်၍ ရောဂါဖြစ်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ရောဂါ ဖြစ်ပွားမှု တိုးလာသော မြို့နယ်များအား Stay at Home ဆောင်ရွက်ရန် စီစဉ်မှုနှင့်အတူ အဆိုပါနယ်မြေရှိ စက်ရုံ၊ အလုပ်ရုံများအား မှီခိုအားထား နေသော အလုပ် သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ မဆုံးရှုံးစေရေးနှင့် စီးပွားရေး လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေး ဆိုင်ရာကန့်သတ်ချက် များကို ထိန်းညှိဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်သည်။ ။
သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် အဆင့် A ရရှိအောင် ပြင်ဆင်ထားကြောင်း တွေ့ရှိ ရပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက် သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအား အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်လုပ်ကိုင် ခွင့်ပြုကြောင်းအမိန့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ပြီဖြစ်သည်။ ။
နိုင်ငံတော်အနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများကို ထိန်းချုပ်လိုခြင်း မဟုတ်ပေ။ ကိုဗစ်-၁၉ ရောဂါကိုသာ ထိန်းချုပ်လိုခြင်းဖြစ်သည်။ ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံများအား ခေတ္တရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများသို့ လမ်းညွှန် ချက်များ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်များနှင့် အထူးဂရုပြု လိုက်နာရမည့် အချက်များကို ထုတ်ပြန် အသိပေးခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလတွင် နိုင်ငံ့စီးပွားရေး ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်း ရှင် များ၏အကျိုးစီးပွား၊ အလုပ်သမား များ၏ အလုပ်အကိုင်စီးပွားများ နစ်နာမှုမရှိစေရေး အတွက်ကုန်ကြမ်းယူ၊ ကုန်ချော ပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အထူးဂရုပြုလိုက်နာ ရမည့် အချက်များ အလေးထား လိုက်နာကာ A အဆင့်လုပ်ငန်းများဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။