Skip to main content

ဟိုပုံးမြို့နယ်၌ ခမ်းဓနပြောင်းနှင့် အစေ့အဆံအခြောက်ခံ စက်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟိုပုံး  ဇန်နဝါရီ   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု၊ နမ့်ဗော်ဟွန်းကျေးရွာရှိ ခမ်းဓနပြောင်းနှင့် အစေ့အဆံအခြောက်ခံစက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. John Nielsen ၊ ပြောင်းသီးနှံ လုပ်ငန်း အစုအဖွဲ့ မှ ကိုယ်စားလှယ်(၁)ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဟိုပုံးမြို့နယ်တွင် ပြောင်းနှင့် အစေ့အဆံ စက်ရုံရှိခြင်းမှာ ဒေသခံတောင်သူများအတွက် အကျိုးစီးပွားများစွာ ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ အခြောက်ခံ စက်ရုံရှိခြင်းအားဖြင့် သီးနှံစပေါ်ချိန်တွင် ဈေးတက်ပြီး သီးနှံအထွက်များလာသည့် အချိန်တွင် ဈေးပြန်ကျသွား ခြင်းစသည့် ဈေးကွက် အပြောင်းအလဲများကြောင့် အရည်အသွေးကောင်းကောင်းဖြင့် ထိန်းသိမ်းထားနိုင်မှသာလျှင် တောင်သူများအတွက် အကျိုးအမြတ်များနိုင်မည့် ဈေးကွက်ကို ဖော်ဆောင်နိုင် မည် ဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သီးနှံအခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး၍ ဈေးကွက်ရရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုနှစ် ပြောင်းစိုက်ပျိုးရာသီ သီးနှံပေါ်ချိန် အောက်တိုဘာလ အတွင်းတွင် ပြောင်းဈေးနှုန်း အနိမ့်ဆုံးမှာ (၂၉၀) ကျပ် ဖြစ်ပြီး အမြင့်ဆုံးမှာ (၃၁၀) ကျပ် ဖြစ်ကြောင်း၊ နိုဝင်ဘာလအတွင်း ပြောင်းဈေးနှုန်း အနိမ့်ဆုံးမှာ (၃၂၀)ကျပ် ဖြစ်ပြီး အမြင့်ဆုံးမှာ (၃၃၀)ကျပ် ဖြစ်ကြောင်း၊ ဇန်နဝါရီလ ပြောင်းဈေးနှုန်း အနိမ့်ဆုံးမှာ (၃၆၀)ကျပ် ဖြစ်ပြီး အမြင့်ဆုံးမှာ (၃၈၀)ကျပ် ဖြစ်ကြောင်း လေ့လာတွေ့ရှိပါသည်။

အခြောက်စက်ဖြင့် အခြောက်ခံပြီး သိုလှောင်ထားခြင်း နည်းပညာများကို တောင်သူများ မဖြစ်မနေသိရှိနားလည်ရန် လိုအပ်ပြီး တစ်နိုင်တစ်ပိုင်နေလှမ်းပြီး ဝယ်သူများလိုချင်သည့် အစိုဓာတ် ရရန်ခက်ခဲခြင်း၊ သဘာဝဘေးအန္တရာယ် နှောက်ယှက်မှုများရှိနိုင်ခြင်း စသည့်အခက်အခဲများကြောင့် အခြေအနေများ တွေ့ကြုံရမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက် ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ စက်ရုံအနေဖြင့် သီးနှံခြောက်ခံခြင်း စနစ်များအား တိကျသေချာစွာ လိုက်နာဆောင်ရွက်၍ အရည်အသွေးပိုင်း သာမက ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တောင်သူများ အနေဖြင့် မိမိစတင် စိုက်ပျိုးချိန်မှ စားသုံးသူ လက်ဝယ် ရောက်ရှိသည်အထိ စားသုံးသူများ ယုံကြည်စိတ်ချနိုင်ပြီး စားသုံးသူများနှစ်သက်သည့် အရည်အသွေးများနှင့် ပြည့်စုံအောင် စိုက်ပျိုးဖို့လိုအပ်ပါကြောင်း ပြောကြားသည်။

ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. John Nielsen မှ ခမ်းဓနသီးနှံ အခြောက်ခံစက်ရုံအတွက် စက်ပစ္စည်း လှူဒါန်းရခြင်းအကြောင်းနှင့် စက်ရုံတည်ထောင်သူ ဦးကျော်ငွေဦးက စက်ရုံ တည်ထောင်ရခြင်း အကြောင်းကို အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်ရုံသို့ လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

နေမင်းထွန်း(ပြန်/ဆက်)