နေပြည်တော် ဇန်နဝါရီ ၂၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လည်ပတ်လျက်ရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Silver Sea Garamuu Travel & Tour Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားဧည့်သည်(၁၃)ဦးသည် ၎င်းတို့၏ ကိုယ်ပိုင် မော်တော်ယာဉ် (၁) စီး၊ မော်တော်ဆိုင်ကယ် (၉)စီးတို့ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ မှ ဇန်နဝါရီလ (၁၆)ရက်နေ့အထိ ထီးခီး- ရှင်မုတ္တီး- ရွှေသာလျှောင်း-ဘုရားကြီး- ရေနက်ဆိပ်ကမ်း-အထူးစီးပွားရေးဇုန်-မောင်းမကန်-ထားဝယ်-ထီးခီး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ ထီးခီး နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ် ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာ နိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ဟိုတယ်/ခရီး