မြန်မာတို့သည် အားနာတတ်၏။ မြန်မာတို့သည် သူတစ်ထူး၏ အခက်အခဲကို ဂရုမစိုက်တတ်။ မြန်မာတို့သည် လက်ဖွာရက်ရောကြ၏။ မြန်မာတို့သည် အလွန်ကပ်စေးနှဲ၏။ မြန်မာတို့သည် သွေးဆူလွယ်၏။ မြန်မာတို့သည် ဖော်ရွေကာ သူတစ်ထူးကို အလွန်ဂရုစိုက်ကြ၏။ မြန်မာတို့သည် အလွန်ယဉ်ကျေး၏ အစရှိသော ယေဘုယျသုံးသပ်ချက်များသည် မည်သို့သော စနစ်တကျ ဆန်းစစ် လေ့လာထားသည့် အချက်အလက် သုတေသနပြုမှုများပေါ်တွင် အခြေခံပြောဆိုခြင်းမဟုတ်။ လူတစ်ဦးချင်း၏ အတွေ့အကြုံနှင့် စိတ်ခံစားမှုပေါ်မူတည်ကာ ယေဘုယျပြုခြင်းဟု ဆိုရပါမည်။
မြန်မာနိုင်ငံတွင် လူဦးရေသန်း ၅၀ ကျော်ရှိ၏။ ထိုသန်း ၅၀ ကျော်ရှိသည့် လူဦးရေတွင် မည်ရွေ့မည်မျှသော အရေအတွက်က အထက်ဖော်ပြပါ အပြုအမူ စိတ်အနေအထားရှိသည် ဆိုခြင်းကို သုတေသနမပြုဘဲ ပြောလို့ရမည်မဟုတ်ဟု ဆိုချင်ပါသည်။ မိမိတို့တွေ့ဖူးသည့် အတွေ့အကြုံမျှပေါ် မူတည်ကာ အားလုံးသော မြန်မာများကို ခြုံငုံပြောဆို၍ အဖြေမှန်ရမည် မဟုတ်ပါ။
ယင်းကိုပင် သုတေသန၏ အစဟု ဆိုရပါမည်။ မှန်ကန်သော သို့မဟုတ် အဖြစ်မှန်နှင့် နီးစပ်တိကျသော ကောက်ချက်များကို ဆွဲယူနိုင်ရန်အလို့ငှာ ထိုက်သင့်သော သုတေသနလိုပါသည်။
ဆိုလိုသည်မှာ ယေဘုယျပြုမှုများက အခြေအနေမှန်ကို သိနိုင်လိမ့်မည်မဟုတ်ဘဲ သုတေသနစစ်တမ်းများကသာ အခြေအနေမှန်ကို သိနိုင်မည်။ ထိုသို့ အခြေအနေမှန်ကို သိနိုင်မှသာလျှင် မည်သို့သော ပြဿနာမျိုးကိုမဆို ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။
နှစ်ကာလရှည်ကြာစွာ ယိုယွင်းသွားခဲ့သော၊ ပျက်စီးသွားသော သုတေသနဌာနများက စနစ်တကျဆန်းစစ်လေ့လာသည့် အလေ့အထ အားနည်းမှုဖြစ်ခဲ့သည်။ သုတေသနပြုမှုဟူသည် အရေးကြီးသည်ဆိုခြင်းကို အလေးဂရုမပြုဖြစ်လာသည်ဟု ဆိုရပါမည်။ တက္ကသိုလ်များရှိ သုတေသနဌာနများ အားနည်းသွားသည်ကို လည်းကောင်း၊ သုတေသနစာတမ်းများ နည်းပါးသွားသည်ကိုလည်းကောင်း ကြည့်ခြင်းဖြင့် ကာလကြာ ပညာရေးစနစ်တွင် သုတေသနလုပ်ငန်းများကို အားမပေးခဲ့သည်ကို တွေ့ရပါမည်။ သုတေသနကို လွန်စွာအလေးထားသည့် ဆရာကြီးများ၏ အဆိုများအရလည်း မြန်မာနိုင်ငံတွင်း သုတေသနအခန်းကဏ္ဍ ပျောက်ဆုံးခဲ့ရသလောက်ရှိသည်ကို ဖော်ပြနေ၏။
သုတေသနအားနည်းသည့်အခါ အာဏာရှိသူတို့၏ ဆန္ဒနှင့် စိတ်အခြေအနေပေါ်တွင် မူတည်ကာ မူဝါဒချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့သာ ရှေ့တန်းရောက်လာခြင်းဖြင့် စီမံကိန်းမအောင်မြင်မှုတို့ကို ကြုံခဲ့ကြရသည့် နမူနာများနှင့် သင်ခန်းစာများကလည်း နိုင်ငံတွင်းတွင် များစွာရှိပါသည်။
ဆိုလိုသည်မှာ အရေးပါသော မူဝါဒများချမှတ်နိုင်ရန်အတွက် လုံလောက်သော သုတေသနနှင့် လေ့လာဆန်းစစ်မှုများလိုသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ယနေ့ကိုဗစ်ကပ်ရောဂါဆိုပါစို့။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတိုင်းက ဓာတ်ခွဲစစ်ဆေးသူ မည်မျှလောက်တွင် ပိုးတွေ့ရှိသည်ဟု အတည်ပြုသူ မည်မျှ၊ သေဆုံးသူမည်မျှ၊ ကုသပျောက်ကင်းသူမည်မျှ စသည်ဖြင့် စာရင်းဇယားများကိုသိအောင် ကြိုးစားမှတ်တမ်းတင်ရ၏။ ထိုစာရင်းများကို ကြေညာ၏။ ယင်းသို့ဖြင့် အခြေအနေမှန်ကို သိရှိပြီး မည်မျှဆိုးရွားလာသည်၊ မည်မျှသက်သာလာသည်၊ မည်သို့ ရှေ့ခရီးဆက်မည် အစရှိသည်ဖြင့် နည်းလမ်းရှာဖွေ၊ ကာကွယ်ကုသရေးကို ပြင်ဆင်ရ၏။ ။
ကာကွယ်ဆေးဝါး သို့မဟုတ် ကုသဆေးဝါးတစ်ခုခု စမ်းသပ်တွေ့ရှိသည်ဆိုလျှင် မည်သို့သော အခြေအနေတွင် သုံးစွဲရသည်။ မည်သည့်ရောဂါအခံရှိလျှင် သုံးစွဲရန်မသင့် အစရှိသည့် အခြေ အနေမှန်နှင့် နီးစပ်သောအဖြေကို ရရှိနိုင်ပါသည်။ ရံဖန်ရံခါတွင် အချို့သော သုတေသနလုပ်ငန်းတို့သည် အချိန်ယူသည့်သဘောရှိရာ အကောင်အထည်ဖော်သူတို့က စိတ်မရှည် ဖြစ်တတ်၏။ သို့သော်လည်း ယနေ့ ကိုဗစ်ကာကွယ်ဆေးကဲ့သို့သော လက်ငင်းလိုအပ်နေသော ဆေးများကိုပင် ထိုက်သင့်သော အချိန်ပေးကာ စမ်းသပ်စစ်ဆေးမှုများစွာ၊ သုတေသနပြုမှုများစွာကို မဖြစ်မနေ ပြုရပါသည်။ လူ့အသက်ပေါင်းများစွာနှင့် ပတ်သက်နေသည် ဖြစ်သောကြောင့် အမှားအယွင်းနည်းနိုင်သမျှ နည်းအောင် ဆန်းစစ်ရန် လိုမည်သာ။
သုတေသနများ ပြုလုပ်ဆန်းစစ်ကာ နီးစပ်သော အဖြေရှာဖွေ နိုင်ပြီဆိုမှသာ ပေါ်လစီချမှတ်ခြင်း၊ လုပ်ငန်းစဉ်များကို ရေးဆွဲခြင်း၊ လက်တွေ့အလုပ်များကို အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ် နိုင်ပါမည်။ သုတေသနပြုခြင်း၊ ထိုတွေ့ရှိချက်များကို သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် တင်ပြအစီရင်ခံ ဆွေးနွေးခြင်း၊ လိုအပ်သလို ပြင်ဆင်ခြင်း၊ အဆင့်ဆင့် ညှိနှိုင်းခြင်းတို့ဖြင့် အသင့်လျော်ဆုံးသော မူဝါဒနှင့် စီမံမှုများကို ရေးဆွဲချမှတ်နိုင်ကာ လက်တွေ့အကောင် အထည်ဖော်နိုင်မည်ဖြစ်ပါသည်။
အချုပ်ဆိုရပါမူ၊ မှန်ကန်သောမူဝါဒနှင့် အကောင်အထည်ဖော်မှုတို့သည် စနစ်ကျနသော သုတေသနကိုလည်း အားကိုးရပါသည်။ သုတေသနလုပ်ငန်းတို့ကို အားပေးခြင်းဖြင့် အောင်မြင်သော စီမံကိန်းများဖြစ်ရေးအတွက် ထိရောက်သော အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။