မြန်မာနိုင်ငံ၏ နှစ်တစ်ရာ အမှတ်တရများတွင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်သည် ပဓာန ကျသော အထိမ်းအမှတ်တစ်ခုဖြစ်ပါ သည်။ ထိုအထိမ်းအမှတ်သည် မြန်မာနိုင်ငံသားတို့အတွက် တန်ဖိုး ထား ထိန်းသိမ်းရမည့် အမွေအနှစ်တစ်ခုအဖြစ် ရှိနေပေသည်။ ။
ရန်ကုန်တက္ကသိုလ်တွင် သမိုင်းတန်ဖိုးတွေ အများကြီးရှိသည်။ မြန်မာ့လွတ်လပ်ရေးသမိုင်း၏ ဗွေဆော်ဦးတိုက်ပွဲ၊ လွတ်လပ်ရေးအောင်ပွဲ၏ အဦးအစ၊ စစ်အာဏာရှင်စနစ်ကို အနည်းနည်းအဖုံဖုံ ဆန့်ကျင်ခဲ့သည့် ဘူမိနက်သန်၊ ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန် ရေး၏ အောင်မြေ။ ။
ရန်ကုန်တက္ကသိုလ်၏ ဖွားဖက်တော် ၁၉၂၀ ပထမကျောင်းသား သပိတ်၊ လွတ်လပ်ရေးရသည်ထိ အရှိန်ညီညီ ထိုးတက်သွား စေခဲ့သည့် ကိုအောင်ဆန်း၊ ကိုနုတို့၏ ၁၉၃၆ ကျောင်းသားသပိတ် တို့မှစကာ ၁၉၆၂ ဆဲဗင်းဇူလိုင်နှင့် ကျောင်းသားသမဂ္ဂ အဆောက် အအုံသမိုင်း၊ ၁၉၇၄ ဒီဇင်ဘာ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဦးသန့်ဈာပနတိုက်ပွဲ၊ ၁၉၈၈ ဇွန်၊ ဩဂုတ် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံသမိုင်း စသည်တို့သည် ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း၌ အထိမ်း အမှတ် ဝိညာဉ်များအဖြစ် ရှင်သန် နေပေသည်။ ။
ရန်ကုန်တက္ကသိုလ်သည် သမိုင်းအမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်၊ မြန်မာနိုင်ငံ၏ အမျိုးသားရေး အမွေအနှစ်အဖြစ် ကြီးကျယ်ခမ်းနားစွာတည်ရှိနေသည်။ လယ်တီဆရာတော်၏ ဂုဏ်ထူးဆောင ပါရဂူဘွဲ့၊ ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း၏ ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့တို့ကို ဤတက္ကသိုလ်က ချီးမြှင့်ပေးခဲ့ဖူးသည်။
ရန်ကုန်တက္ကသိုလ်၏ ဆောင်ပုဒ်ကိုက ယဉ်ကျေးလှပပေ၏။ “နတ္ထိ သမံ ဝိဇ္ဇာ မိတ္တီ” ပညာနှင့် တူသော မိတ်ဆွေမရှိ။ ပညာ ကဲ့သို့သော ယုံကြည်စိတ်ချရသော ချစ်ခင်ပေါင်းဖက်အပ်သော မိတ်ဆွေကို မိမိတို့ ဘယ်မှာရှာ၍မှ ရနိုင်မည်မဟုတ်ချေ။
ယနေ့တိုင် ရန်ကုန်တက္ကသိုလ်ဝင်းတွင်းသို့ ဝင်သွားလိုက်သည် နှင့် သစ်ပုပ်ပင်၊ တောင်ပိန္နဲပင်၊ ကံ့ကော်တော၊ ရေတမာတန်း တို့နှင့်အတူ အပင်ကြီး၊ အပင်လတ်၊ အပင်ငယ်စသည့် ပင်မျိုးစုံလင် တို့က စိမ်းမြလန်းဆန်းမှုများဖြင့် ကြိုဆိုနေလိမ့်မည်။ အင်းလျား ရေပြင်ကျယ်၏ ငြိမ်ဆိတ်နူးညံ့မှုက လာရောက်သူအားလုံးကို နှလုံး စိတ်ဝမ်း အေးမြသွားစေလိမ့်မည်။
ရန်ကုန်တက္ကသိုလ်၏ သဘာဝအလှများက မြင်ရသူတို့ မူးမေ့ သွားလောက်အောင် ဖမ်းစားနိုင်သလို ရန်ကုန်တက္ကသိုလ်က ဖန်တီး ထုတ်လုပ်လိုက်သည့် အနုပညာစုံသည် မြန်မာပြည်တစ်လွှား မွှေးပျံ့နေစေခဲ့၏။ မွှေးပျံ့နေဆဲလည်းဖြစ်၏။ နိုင်ငံတကာကို ပျံ့နှံ့ ရောက်ရှိနေသည့် ရန်ကုန် တက္ကသိုလ်၏ ပန်းချီကားများ၊ ပန်းပုရုပ် များသည် မြန်မာ့အနုပညာလက်ရာများအဖြစ် ဂုဏ်ယူစရာ။ ရန်ကုန်တက္ကသိုလ်က မွေးထုတ်လိုက်ပြီး နယ်နိမိတ်တံတိုင်းများကို ဖြတ်သန်းကျော်ကြားခဲ့သော လူထုအသည်းစွဲခဲ့ရသည့် သီချင်းများ၊ ရုပ်ရှင်များ၊ စာအုပ်စာပေများ၊ အငြိမ့်ခွင်များ။
ရန်ကုန်တက္ကသိုလ်မှထွက်ပေါ်ကာ ကမ္ဘာတစ်ခွင် တွင်ကျယ်ခဲ့ သည့် ထိပ်သီးနိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာကို ဝင်ဆံ့ ကျယ်ပြန့်ခဲ့ကြသည့် မြန်မာ့ပညာရှင်ကြီးများ၊ အထင်ကရ စာပေနှင့် အနုပညာရှင်ကြီးများ၊ ကျော်ကြားထင်ရှားခဲ့သည့်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအနုပညာနယ်ပယ်တို့က ဦးဆောင်ကြသူများ အများ အပြားရှိခဲ့ပါသည်။ ထိုသူများ အတွက်လည်း မြန်မာနိုင်ငံသူ နိုင်ငံ သားတို့ အစဉ်အမြဲ ဂုဏ်ယူနေကြရပေသည်။
ယင်းသို့ ကြီးကျယ်ခမ်းနားခဲ့သော သမိုင်းဖြစ်စဉ်များ၊ သမိုင်း လူများ၊ သမိုင်းရေမြေသဘာဝများ၏ အရင်းအမြစ်ဖြစ်ရာ ရန်ကုန် တက္ကသိုလ် ပေါ်ပေါက်ခဲ့သည်မှာ နှစ်တစ်ရာရှိခဲ့ပြီ။ အသက်ရာချီ ရှည်လျားခဲ့ပြီဖြစ်သည့် အမိတက္ကသိုလ်သည် ယနေ့ထိလည်း ပျိုမြစ် နေဆဲ။ အနာဂတ် သမိုင်းမော်ကွန်းထိုးရန် သမိုင်းအစဉ်အလာသစ် များကို ဆက်လက်ဖြည့်စွက် မှတ်တမ်းတင်ရန် အဆင်သင့် ဖြစ်နေ ဆဲ၊ အင်အားအပြည့်ရှိနေဆဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အနာဂတ် ငြိမ်းချမ်းသာယာလှပရေးအတွက် ပညာတတ်များ၊ ပညာရှင်များ၊ နိုင်ငံကို ဦးဆောင်ဦးရွက်ပြုမည့် သူများကို ဆက်လက်မွေးထုတ်ပေးနေဦးမည့် ပညာနယ်မြေအဖြစ် ယခုနှစ်တစ်ရာမှသည် နောင် အနှစ်ရာထောင်ချီကာ အဓွန့်ရှည်ပါ စေသတည်း။