Skip to main content

ထရန်စဖော်မာဝယ်ယူရေး တင်ဒါ အောင်မြင်ခဲ့သောကုမ္ပဏီနှင့် စာချုပ်လက်မှတ်ရေးထိုး

နေပြည်တော် ဇန်နဝါရီ ၂၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများအတွက် ထရန်စဖော်မာဝယ်ယူနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာနမှ တင်ဒါအောင်မြင်ခဲ့သော Hitachi Soe Electric and Machinery Co., Ltd.တို့အကြား စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကမ္ဘာ့ဘဏ်ချေးငွေအမေရိကန်ဒေါ်လာ သန်း ၃၁၀ ရယူပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ၂မိုင်အတွင်း ကျေးရွာ ၅၀၈၀ ကို ဓာတ်အားရရှိရန်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်အထိ စုစုပေါင်း  ၁၈၉၁ ရွာတွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီး၍  ၁၀၉၁ ရွာ တွင် ဓာတ်အားဖြန့်ဖြူးပေးနေပြီ ဖြစ်ကြောင်း၊ ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆,၇၅၇ ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည်ဖြစ်ကြောင်း။

တဆက်တည်း ဒုတိယအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ၅မိုင်အတွင်း ကျေးရွာ ၄၇၀၀ ကိုလည်း ဓာတ်အားရရှိရန် တစ်ပြိုင်တည်းစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဒုတိယအဆင့် စာရင်းပါကျေးရွာ ၄၇၀၀ ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန် ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့်ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံး လုပ်နည်းများအတိုင်း  (International  Competitive Bidding – ICB)ခေါ်ဆိုရန် တင်ဒါ စိစစ်ရေး အဖွဲ့ဖွဲ့စည်း၍ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ NEP ဒုတိယအဆင့်အတွက် ပစ္စည်းဝယ်ယူရေး တင်ဒါများအနက် ပထမဆုံးဖြစ်ပါကြောင်း၊ NEP ဒုတိယအဆင့်အတွက် ကျေးရွာများအနေဖြင့် ချင်းပြည်နယ်တွင် ၁၁၃ ရွာ ၊ မွန်ပြည်နယ်တွင် ၄၂ ရွာ၊ ရခိုင်ပြည်နယ်တွင် ၁၇ ရွာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၂၀၁ ရွာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၂၀၄ ရွာ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၁၅ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၅၉ ရွာ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)တွင် ၅၇၆ ရွာ၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တွင် ၇၈၅ ရွာ၊ မကွေးတိုင်းဒေသကြီးတွင် ၃၈၆ ရွာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄၃၄ ရွာ၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၅၅ ရွာနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တွင် ၁၃ ရွာ၊ စုစုပေါင်း ကျေးရွာ ၄၇၀၀ ကို ဓာတ်အားရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းစီမံကိန်း ပြီးမြောက်သွားပါက အိမ်ထောင်စုအရေအတွက် ၅၃၉,၆၇၄ စုအား လျှပ်စစ်ဓာတ်အား ရရှိသွားမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ယခုတင်ဒါအောင်မြင်သည့်ကုမ္ပဏီအနေဖြင့် ထရန်စဖော်မာများအား စာချုပ်ပါသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ပြီး ပေးပို့ရမည့်နေရာများ သို့လည်း အချိန်မီပေးပို့နိုင်ရေးအတွက် ထုတ်လုပ်ရေး လုပ်ငန်းများကို ဆောလျင်စွာစတင် ဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း၊ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေး ငွေဖြင့် ဝယ်ယူမည့် နိုင်ငံတော်အဆင့်လုပ်ငန်းဖြစ်ပါ၍ စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများ အတိုင်း ထုတ်လုပ်ပြီး ထရန်စဖော်မာများကိုလည်း သတ်မှတ်ကာလအတွင်း သက်ဆိုင် ရာနေရာများ သို့ ပေးပို့နိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်စေရေးတို့ကို အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ် ဦးစိုးမင်းထွန်းက NEP စီမံကိန်း လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် Hitachi Soe Electric and Machinery Co., Ltd. မှဥက္ကဋ္ဌ ဦးကျော်မင်းထွန်းတို့က စာချုပ်ကိုလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြသည်။

အဆိုပါ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့် ၂ မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ၅ မိုင်အတွင်းကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၉၇၈၀ ရွာ၊ အိမ်ထောင်စု ပေါင်း ၁,၁၆၆,၄၃၁ စုရှိ လူဦးရေ ၅ ဒသမ ၅ သန်းခန့်တို့မှ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင် မည်ဖြစ်ပြီး တစ်နိုင်ငံလုံး နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုရာခိုင်နှုန်း ၁၀ ဒသမ ၇၂ ခန့်အထိ တိုးတက်သုံးစွဲ လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)