လွိုင်ကော် အောက်တိုဘာ ၂၀
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV (အိတ်ချ်ပီဗွီ) စတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား (Virtual Zoom Meeting) ကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး HPV (အိတ်ချ်ပီဗွီ) အကြောင်းအရာပါ အဖွင့်မိန့်ခွန်း ဗီဒီယိုကိုပြသခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (အတ်ချ်ပီဗီ)ထည့်သွင်းထိုးနှံသည့် ပညာပေး ဗီဒီယိုကို ပြသ၍ ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှုအားပေးခြင်းနှင့် မိန်းကလေးငယ်များကို လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV (အိတ်ချ်ပီဗွီ) စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား (Virtual Zoom Meeting) သို့ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကို ၊ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူ ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ၊ ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ဝန်ကြီး ဦးမော်မော် ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဌာန ၊ ဝန်ကြီး ဦးလှမျိုးဆွေ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော် ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ၊ ပြည်နယ်ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး တို့တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)