Skip to main content

ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် အစားအစာ ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက် ဈေးကွက် ဖော်ဆောင်မှု ဖွင့်ပွဲပြုလုပ်

ကျောက်ဆည် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးကြီးတွင် ယမန်နေ့ နံနက်(၁၁) နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန် ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစားအစာ ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက်ဈေးကွက် ဖော်ဆောင်မှု အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဈေးကွက်ဖော်ဆောင်မှု ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးသန်းနှင့် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက်ရောင်းချနေမှုများ ကိုကြည့်ရှု အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဝန်ကြီးများသည် ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည့် ကတဲကျေးရွာအုပ်စု၊ ရန်ပုံနှစ်ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ဟင်းသီးဟင်းရွက်များ သန့်ရှင်းစေရေး ဆောင်ရွက်လျက်ရှိသည့် ရေသန့်စက်ရုံနှင့် ငရုပ်သီး အခြောက်ခံစက်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သီးနှံစိုက်ခင်းများအား ကွင်းဆင်းကြည်ရှုလေ့လာခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များရှိပါက မေးမြန်း ဆွေးနွေး နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်အောင်က အစားအစာ ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက် ဖော်ဆောင်မှုကော်မတီအဖွဲ့ဝင် တောင်သူ ဦးမောင်ဝင်းနှင့် ဦးကိုတိုးတို့ထံသို့ ဘက်စုံသုံးဆေးဖျန်းစက်(၂)လုံးနှင့် စိုက်ပျိုးမြေဘောင်ဖော်စက်(၁)လုံးတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)