Skip to main content

ပခုက္ကူမြို့၌ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အကြို အမျိုးသား/အမျိုးသမီး ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲ ကျင်းပ

ပခုက္ကူ  ဇန်နဝါရီ ၂၂

(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-ပခုက္ကူ ဥက္ကဋ္ဌ ဖလား အမျိုးသား/အမျိုးသမီး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့  နေ့လယ် ၂ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၂၅၉) ခြေလျင်တပ်ရင်း၊ ဘောလုံးကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ဘောလုံးကွင်းအတွင်း နေရာယူကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအားအ လေးပြုခြင်း၊ အားကစား အဓိဋ္ဌာန် ရွတ်ဆိုခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် ပခုက္ကူမြို့၊ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ နာယက ဗိုလ်မှူး ရွှေကျုံး၊ ချင်းစာပေးနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-ပခုက္ကူ ဥက္ကဋ္ဌ ဒေါက်တာတီပန်လိုင်းနှင့် ပခုက္ကူမြို့၊ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးမောင်မောင်လွင်တို့က အမှာစကား ပြောကြားကြသည်။ ဆက်လက်၍ ချင်းစာပေးနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-ပခုက္ကူမှ ကော်မတီဝင် ဆလိုင်း ဇိုထောင်းထန်က (၇၂)နှစ် မြောက် ချင်းအမျိုးသားနေ့အကြို အမျိုးသား/အမျိုးသမီး ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲဝင်များ လိုက်နာရမည့် အားကစားစည်းမျဉ်း၊ စည်းကမ်းချက်များအကြောင်းနှင့် ပြိုင်ပွဲဝင်အသင်းများ၏ အမည်စာရင်းကို ဖတ်ကြားသည်။ ထို့နောက် ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား မိုးပီအသင်းနှင့် တောင်ဇလပ်အသင်းတို့ ယှဉ်ပြိုင်ကြရာ မိုးပီအသင်းမှ လေးဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိပြီး အမျိုးသမီး ဝိတိုရိယ အသင်းနှင့် ဘုံတလာ အသင်းတို့ ယှဉ်ပြိုင်ကြရာ  ပင်နယ်တီဖြင့် ဝိတိုရိယအသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင် ရရှိကြောင်း သိရသည်။

အဆိုပါပြိင်ပွဲကို  ပခုက္ကူ တက္ကသိုလ်တွင် တက်ရောက် ပညာသင်ယူနေသည့် ချင်းတိုင်းရင်းသားများအနေဖြင့် အားကစား ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး စည်းလုံးညီညွှတ်မှု ပိုမိုရရှိလာစေရန်၊ အားကစားသမားများ ကာယ၊ ဉာဏများ မြင့်မားလာစေရန်၊ လူငယ်များအကြား အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များဖြင့် အချင်းချင်းကူညီရိုင်းပင်မှုများ ပိုမို ရှင်သန် ကြီးထွားလာစေရန် စသည့်ရည် ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊  ပခုက္ကူတက္ကူသိုလ်တွင် အဆင့်မြင့် ပညာများ သင်ယူကြသည့် ချင်းကျောင်းသား/သူများမှ ချယ်ရီအသင်း၊ တောင်ဇလပ်အသင်း၊ ဝိတိုရိယအသင်း၊ ဘုံတလာအသင်း၊ မိုးပီတောင်အသင်း၊ ရိရ်အသင်း စသည့် အမျိုးသားဘောလုံးပြိုင်ပွဲဝင် အသင်း(၆)သင်း၊ ချယ်ရီအသင်း၊ တောင်ဇ လပ်အသင်း၊ ဝိတိုရိယအသင်း၊ ဘုံတလာအသင်းစသည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင်အသင်း(၄)သင်း စုစုပေါင်း ပြိုင်ပွဲဝင် (၁၀)သင်းရှိကြောင်း၊ ထိုအမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင် အသင်းများအလိုက် အုပ်စုပတ်လည်စနစ်ဖြင့် ဇန်နဝါရီလ (၂၅) ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမဆုဖလားနှင့် နေရာအလိုက်ဆုရရှိသူများကို (၇၂)နှစ် မြောက်ချင်းအမျိုးသားနေ့အခမ်းအနားတွင် ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြ မည်ဖြစ်ကြောင်း၊ ဆုများအဖြစ် အမျိုးသားနှင့်အမျိုးသမီးပြိုင်ပွဲဝင်အသင်း ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-ပခုက္ကူ ဥက္ကဋ္ဌ ဖလားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ အကောင်းဆုံး အလယ်တန်းဆု၊ အကောင်း ဆုံးနောက်တန်းဆုနှင့်အကောင်းဆုံးဂိုးသမားဆုများ ပါဝင်ကြောင်း သိရသည်။

ဆလိုင်းကိုကီး