Skip to main content

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး  ဇန်နဝါရီ   ၂၂

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀)ကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင် ယခုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ ပေးပို့လာသော မြေယာကိစ္စ တိုင်ကြားစာပေါင်း (၆၉၂)မှုရှိပြီး (၃၂၅)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီး မြေ/စစ်ဗဟိုမှ ဝန်ကြီးဌာန သဘောထား တောင်းခံသည့်အမှု (၂၀၅) မှုနှင့် ပြည်နယ်မြေ/စစ်တွင် စိစစ်ဆဲအမှု(၁၆၂)မှု၊ စုစုပေါင်းပိတ်သိမ်းရန် ကျန်ရှိ သည့်အမှု (၃၆၇)မှု ကိုလည်း ၂၀၂၀ ပြည့်နှစ်အတွင်း အပြီးဆောင်ရွက်သွားနိုင်ရေး လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်က ဗဟိုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်(၅၂)ချက် ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ လက်ထက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ စုစုပေါင်း ပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း (၁၅၉)မှု၊ မြေဧရိယာ (၃၁၃၇၁.၀၉၈) ဧက၊ ၎င်းအနက် သက်ဆိုင်သူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ရန် စွန့်လွှတ်သည့် အမှု ကိစ္စပေါင်း (၆၅)မှု၊ မြေဧရိယာ (၃၇၉၇.၈၉၆)ဧက အသုံးမပြု၍ ပိုလျှံသဖြင့် ပြန်လည်စွန့်လွှတ်သည့် အမှု ကိစ္စ ပေါင်း(၇၈)မှု၊ မြေဧရိယာ (၁၅၉၉၂.၆၃၂)ဧက အခြားဝန်ကြီး ဌာနများသို့ လွှဲပြောင်းရန် စွန့်လွှတ်သည့် အမှု ကိစ္စပေါင်း(၁၆)မှု၊ မြေဧရိယာ (၁၁၅၈၀.၅၇၀)ဧကဖြစ်ပြီး ပြန်လည်စွန့်လွှတ်မြေများတွင် တောင်သူများထံ ပြန်လည်လွှဲ​အပ်နိုင်သော မြေဧရိယာ (၃၁၃၇၁.၀၉၈) ဧကအနက် မြေဧရိယာ(၃၀၃၂၆.၆၉၆) ဧကကို သက်ဆိုင်ရာ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ကျန်မြေဧရိယာ(၁၀၀၃.၄၆၂) ဧကကို တောင်သူများထံ ပြန်လည် လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်သည့် စုစုပေါင်း အမှုကိစ္စပေါင်း (၃၃၂) မှု၊ မြေဧရိယာ (၈၁၄၄၂.၁၅၇)ဧက လွှဲပြောင်းပေးအပ်ပြီး ဧရိယာ (၈၀၃၉၃.၇၅၅)ဧကလွှဲပြောင်းပေးရန် ကျန်ဧရိယာ (၁၀၀၇.၄၆၂) ဧက မြေပြင်စစ် လျော့နည်းဧရိယာ(၄၀.၉၄၀)ဧကဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အတွင်းရှိ မြေယာကိစ္စ တင်ပြတိုင်ကြားမှုများအပေါ် ခရိုင်နှင့် မြို့နယ်ကော်မတီများ အနေဖြင့် စိစစ်ဖြေရှင်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်သည့် နေရာများကို သက်ဆိုင်သူများထံသို့ ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်း တို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒနှင့် လုပ်ငန်းစဉ် (၅၂)ချက်နှင့်အညီ စိစစ်ပြီး စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များ ပြည့်စုံစွာဖြင့် အဆင့်ဆင့် တင်ပြဆောင်ရွက်ရမည်ဖြစ်သော်လည်း အချို့ခရိုင်များအနေဖြင့် စိစစ်တွေ့ရှိချက်များသာ ဖော်ပြပါရှိပြီး သုံးသပ်အကြံပြုချက်များ ပြည့်စုံစွာဖြင့် တင်ပြမှုမရှိသည်ကို တွေ့ရှိရသဖြင့် ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်နှင့်အညီ ကျန်ရှိနေသော အမှုကိစ္စများအား ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်း ပြီးပြတ်အောင် စိစစ်ပြီး စိစစ် တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များ ပြည့်စုံစွာဖြင့် အချိန်ကြန့်ကြာမှုမရှိစေဘဲ အဆင့်ဆင့် တင်ပြဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း က အမှုတစ်မှုချင်းအလိုက် ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်နယ်မြေစစ် ကော်မတီ ဝင်များနှင့် ခရိုင်မြေစစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက် အတွင်းရေးမှူးများက ဆွေးနွေးတင်ပြ၍ အထွေထွေဆွေးနွေး ကြကာ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)