ဘားအံ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မာစရိယ၊ နိကာယ်၊ ပါဠိပထမပြန်စာအောင် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စာအောင်ဆုနှင်းသဘင် ချီးမြှင့်ပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဇွဲကပင်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်သံဃာ့နာယကဥက္ကဋ္ဌ ဓမ္မဝါသီ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဒေသခံ စေတနာရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက ၂၀၁၉ ခုနှစ် ဓမ္မာစရိယ၊ နိကာယ်၊ ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်(၂၁၆)ပါး၊ သီလရှင်(၂၂)ပါးနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)