လွိုင်ကော် ဇန်နဝါရီ ၂၂
အသက်(၁)နှစ်အောက် ကလေးများတွင် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်း၏ (၃၅) ရာခိုင်နှုန်းမှ (၆၀) ရာခိုင်နှုန်းသည် ရိုတာဗိုင်းရပ်(စ်)ကြောင့်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုး/ ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန်နှင့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး (Rotavirus Vaccine) ကို ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကယားပြည်နယ် ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးတင်မြင့် က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စာရင်းဇယားများအရ ကာကွယ်ဆေးထိုးခြင်းဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် အသက်ပေါင်း နှစ်သန်းခန့်ကို နှစ်စဉ်ကယ်တင်နိုင်ကြောင်း၊ ကလေးတိုင်းလိုအပ်သော ကာကွယ်ဆေးများ အပြည့်အဝ လက်လှမ်းမီ ရရှိရန်အခွင့်အရေးရှိကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရောဂါပိုး (၁၁)မျိုးအတွက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိပြီး (၂၀၂၀) ခုနှစ်မှ စတင်ကာကွယ်ဆေးအသစ် များဖြစ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး) နှင့် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးများကို ဆက်လက်ထည့်သွင်း သွားမည်ဖြစ် ပြီး ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်၍ထည့်သွင်း တိုက်ကျွေးသွားမ ည်ဖြစ်ကြောင်း၊ အသက်(၂)လ တွင် တစ်ကြိမ်၊ အသက်(၄)လတွင်တစ်ကြိမ် စုစုပေါင်း (၂) ကြိမ် တိုက်ကျွေးမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ရောက်ရှိစေရန်နှင့် ကလေးငယ်များတွင် ရိုတာဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ကာကွယ်ဆေးကို အသက်အရွယ်အလိုက် တိုက်ကျွေးနိုင်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ လွိုင်ကော်မြို့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ က ရိုတာဗိုင်းရပ်(စ်)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် က ကာကွယ်ဆေးထိုး လုပ်ငန်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အပိုင်းများ အား ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ဌေးရွှေ က ရိုတာဗိုင်းရပ်(စ်) ကာကွယ် ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးခြင်းအကြောင်းများအား ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကယားပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
ထွန်းလေး