နေပြည်တော် ဇန်နဝါရီ ၂၂
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း/ ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေ ကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များ ဖြင့် လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လည်ပတ်လျက် ရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Osuga Myanmar Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဗြိတိန်နိုင်ငံသား ဧည့်သည် (၁) ဦး ၊ ပြင်သစ်နိုင်ငံသားဧည့်သည် (၁) ဦး၊ ဂျာမဏီနိုင်ငံသားဧည့်သည် (၁)ဦး၊ ထိုင်းနိုင်ငံသားဧည့်သည် (၁) ဦး၊ စုစုပေါင်းဧည့်သည် (၄) ဦးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ်(၁) စီး၊ မော်တော်ဆိုင်ကယ် (၂) စီးတို့ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှ ဇန်နဝါရီလ (၁၉)ရက်နေ့အထိ မြဝတီ-ဘားအံ-တောင်ငူ-ညောင်ရွှေ-ညောင်ဦး-ကလေး-တမူး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့် ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက် ရှိကြောင်း သတင်း ရရှိသည်။
(ဟိုတယ်/ခရီး)