နေပြည်တော် ဇန်နဝါရီ ၂၂
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း/ ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေ ကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ် ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များ ဖြင့် လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လည်ပတ်လျက် ရှိသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Exploration Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား ဧည့်သည် (၂) ဦးသည် ၄င်းတို့၏ ကိုယ်ပိုင် မော်တော်ယာဉ်(၁) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၂) ရက်နေ့မှ ဇန်နဝါရီလ(၂၀) ရက်နေ့အထိ တမူး-ကလေး-မုံရွာ-ပုဂံ-နေပြည်တော်-ရန်ကုန်-ဘားအံ-မြဝတီ ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့် ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်း ရရှိသည်။
(ဟိုတယ်/ခရီး)