နေပြည်တော် ဇန်နဝါရီ ၂၂
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစရက်(၁၀၀၀)အတွင်း ပူးပေါင်း ဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ် ရေး အထောက်ကူပြုနည်းလမ်းများ ဖော်ထုတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေနှင့်ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါကြောင်း၊ နိုင်ငံ၏လိုအပ်ချက်များကို ပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရန် လူ့ဘဝအစရက်ပေါင်း(၁၀၀၀)ကာလသည် အရေးကြီးပါကြောင်း၊ ဤကာလတွင် ကလေး သူငယ်များကို စနစ်တကျပြုစုပျိုးထောင်မှု အာဟာရပြည့်ဝစွာ ကျွေးမွေးစောင့်ရှောက်မှုတို့ကို ပြည်သူလူထုအားကျယ်ပြန့်စွာ အသိပေးရန်လိုအပ်ပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန် ရက်ပေါင်း (၁၀၀၀)ကာလအတွင်း ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းသည်အရည်အသွေးရှိသော လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အလွန် အရေးပါပါကြောင်း၊ ပြုစုစောင့်ရှောက်သူများ အနေဖြင့်ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံး အချိန်ကိုသိရှိရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများချမှတ်ပြီး ရေရှည်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
အစိုးရ၏ လက်ရှိဆောင်ရွက်ချက်များကိုပြည်သူတစ်ဦးချင်းစီ သိရှိရန်လိုအပ်ကြောင်း၊ ထိုသို့သိရှိရန်မည်သို့သော နည်းလမ်းများဖြင့်ပူးပေါင်းဆောင်ရွက်ရမည်ကို ဆွေးနွေးဖော်ထုတ် သွားရန်လိုအပ်ကြောင်း၊ ကလေးများသည် အနာဂါတ်နိုင်ငံတာဝန်ကို လက်ဆင့်ကမ်း တာဝန်ယူ မည့်သူများဖြစ်သည့်အတွက် ကောင်းမွန်သည့် အမွေများကို လက်ခံနိုင်ရန်လို အပ်ပါကြောင်း၊ ကလေးငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရေးအတွက် ရက်ပေါင်း (၁၀၀၀)အတွင်း အချိန်မီရင်းနှီးမြုပ်နှံခြင်းဖြင့် ကလေးများကျောင်းနေအရွယ်သို့ ရောက်ရှိချိန် တွင် ပြုပြင်ပြောင်း လဲနေသည့် နိုင်ငံတော်၏ပညာရေးစနစ်နှင့် ချိတ်ဆက်မိပြီး သင်ကြား သင်ယူမှု အကောင်းဆုံး အခြေအနေကို ရရှိနိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ လူ့ဘဝအစရက်(၁၀၀၀)အတွင်း ကောင်းစွာပြုစု စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင် ခဲ့ပါက ဉာဏ်ရည်ထက်မြက်ပြီးလူမှုပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာဖြင့် စွမ်းဆောင်ရည် မြင့်မားသော ပြည်သူများဖြစ်လာစေရန် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရေးအတွက် မိဘများ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်တို့က ပူးပေါင်းလိုက်ပါ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ် အခွင့်အရေး(၄)ရပ် ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်နှင့်ပါဝင် ဆောင်ရွက်ခွင့် တို့ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲက “ကလေးဘဝရှေ့ဆောင်ရက်(၁၀၀၀)’’ ဟူသောဆောင်ပုဒ်ကို အတည်ပြုခဲ့ပြီး ရေဒီယို ဇာတ်လမ်း အသံလွှင့်ခြင်း၊ ဗီဒီယိုဇာတ်လမ်းတိုရိုက်ကူးထုတ်လွှင့်ခြင်း၊ ကြော်ငြာပါသော အရံသင့်ကပ်ရန်စာရွက ်ဖြန့်ဖြူးခြင်းနှင့်ပိုစတာဒီဇိုင်းများထုတ်လုပ်ခြင်းတို့ ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့် မီဒီယာကဏ္ဍမှ ပညာရှင်များ၊ ကာတွန်းနှင့် ဒီဇိုင်းပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)