ရဟန်းပြုကြသောအခါ သာသနာတော်မှ ဆုံးရှုံးသောအပြစ်ဟူ၍ သတ်မှတ်တားမြစ်ထားသည့် ကံ၊ ပါရာဇိက ကံထိုက်သည့်အထဲတွင် ခိုးယူခြင်းပါ၏။ ခိုးယူခြင်းကို ဘာသာတရားအသီးသီးက ဆန့်ကျင် ၏။ အလွယ်ဆုံးဆိုရလျှင် ပိုင်ရှင်ဖြစ်သူက ကိုယ်အားဖြင့်သော် လည်းကောင်း၊ နှုတ်အားဖြင့်သော် လည်းကောင်း မပေးအပ်သော သူ့ဥစ္စာကို ယူခြင်းကို ခိုးသည်ဟုဆို၏။ သူတစ်ပါး၏ ဥစ္စာဟုဆိုရာ တွင် တန်ဖိုးကြီးသည်ဖြစ်စေ၊ တန်ဖိုးနည်းသည်ဖြစ်စေနှင့် မဆိုင်၊ မြက်၊ ဝါးခြမ်းစိတ်လေးကအစ မယူရဘူးဟု ဆိုပါ၏။
ထိုသို့ခိုးယူရာတွင်လည်း ကိုယ်တိုင်ခိုးယူခြင်းဖြစ်စေ၊ သူတစ်ပါးကို ခိုးယူခိုင်းခြင်းဖြစ်စေ ကိုယ်က လိုချင်စိတ်ဖြင့် လုံ့လစိုက်ထုတ်ကာ အရယူလိုသည်ဆိုခြင်းက ခိုးယူခြင်းပင်ဖြစ်ပါသည်။ သူတစ်ပါး၏ ဥစ္စာလည်းဖြစ်၏။ ကိုယ်က သူတစ်ပါး၏ ဥစ္စာမှန်းလည်းသိ၏။ ယင်းကိုရယူရန်အတွက် ကိုယ်ဖြင့်၊ နှုတ်ဖြင့် လုံ့လပြုခြင်းလည်းဖြစ်၏။ ခိုးယူလိုစိတ်လည်းရှိ၏။ အမှန်တကယ်လည်း ခိုးဖြစ်သွား၏ ဟူသော အချက်တို့သည် ခိုးမှုကို အတည်ပြုသည့် အခြေခံအချက်များဖြစ်၏။
ခိုးခြင်းကို အထူးအလေးအနက်ထားကာ ဆန့်ကျင်ရခြင်းဖြစ်ရကား များစွာသော အသေးစိတ်၊ အနုစိတ်တို့ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထား၏။ အာဒိယန သူ့ဥစ္စာကို ကိုယ့်ဥစ္စာဖြစ်အောင် တရားစွဲယူ ခြင်း၊ ဟရဏဟူသည့် သူ့ဥစ္စာကို နဂိုမူလက အရိုးခံကူညီသယ်ပိုး နေရာက လိုချင်တပ်မက်ဖြစ်လာကာ ယူထား လိုက်ခြင်း၊ အဝဟ ရဏဟူသည့် ကိုယ့်ဆီကို အပ်နှံထားသည်ကို လက်ခံထားပြီး ပြန်မပေး တော့ခြင်း၊ ဣရိယာပထဝိကောပနဟူသည့် သက်ရှိပစ္စည်း ဥစ္စာကို သူ့နေမြဲ ဣရိယာပုတ် ပျက်အောင် ဖျက်ပြီးယူခြင်း၊ ထို့နောက် ဌာနာစာဝနဆိုသည့် သူ့နဂိုထားရှိသည့် ဥစ္စာကို နေရာပြောင်းရွှေ့ ထားပြီး ရယူခြင်း၊ သင်္ကေတဝီတိနာမန အခွန်အကောက်ကို ရှောင်ပြီး အခွန်မပေးဘဲယူခြင်း၊ ထေယျာဝဟာရ ပုန်းလျှိုး ကွယ်လျှိုးခိုးခြင်း၊ အလေးချိန်ခွင် အစရှိသည့် သဘောတူနားလည်ထားသည့် အရည် အသွေး မမီအောင် လျှော့ပေါ့ပြီးခိုးခြင်း၊ ပသာယျာဝဟာရ ဥစ္စာရှင်ကို ခြိမ်းခြောက်ပြီးယူခြင်း၊ ကုသဝ ဟာရဆိုသည့် သူတစ်ပါးရသည့် အကောင်းမဲကို မိမိ၏ အညံ့မဲနှင့် လဲလှယ်ကာ မဲခိုးရယူခြင်း၊ ပဋိစ္ဆန္နန္ဒာဝဟာရ သူတစ်ပါးဥစ္စာကို ပိုင်ရှင်အလွယ်တကူမသိအောင် ဖုံးအုပ်ကွယ်ကာထားပြီး နောင်မှ တိတ်တိတ်ပြန်ယူခြင်း၊ ပရိကပ္ပာ ဝဟာရ အကုန်ယူတာမဟုတ်ဘဲ သူလိုချင်တာကိုရွေးယူ ကျန်တာ ထားခဲ့ပြီး ပိုင်ရှင်ကသိသွားရင် အသာပြန်ထားပြီး လစ်ရင်ယူခြင်း စသည့်ယူခြင်းမျိုးကို ခိုးယူခြင်း ဟု ခုဒ္ဒသိက္ခာတွင် သတ်မှတ်ထား သည်ကို မှတ်သားရပါသည်။
ထိထိရောက်ရောက်ဖြစ်အောင် အကျဉ်းချုံးပြောရပါမူ မိမိ အမှန်တကယ် ရသင့်ရထိုက်သည်မဟုတ်ဘဲ မတော်မတရားနည်း၊ လှည့်ဖျားနည်းတို့ဖြင့် ရယူခြင်းကို ခိုးသည်ဟုခေါ်၏။
ခိုးယူခြင်း၏ အပြစ်တို့ကိုကား အထူးမဖွင့်ဆိုလို။ ခိုး၍ ရယူခြင်းဖြင့် မိမိအမှန်တကယ်မရထိုက်ဘဲ မပိုင်ဆိုင်ထိုက်ဘဲရယူခြင်းသည် မည်သူမျှမသိဘူးဆိုသည့်တိုင် မိမိအသိဆုံးဖြစ်၏။ မည်မျှလောက် ရှက်စရာ ကောင်းသည်၊ မည်မျှလောက် မတရားမှုဖြစ်သည် ဆိုခြင်းကို ကိုယ်တိုင်သိရှိနေရခြင်းကပင် အကုသိုလ်ကြီးလှပြီတည်း။
သည်လိုထဲတွင် ရုပ်ဝတ္ထုပစ္စည်းဥစ္စာသာမက သူတစ်ပါး ကြိုးပမ်းအားထုတ်ဖန်တီးထားသည့် ဉာဏ ပစ္စည်းဟု သတ်မှတ်သည့် အနုပညာပစ္စည်းများကို ခိုးယူခြင်းသည်လည်း ခိုးယူခြင်းဖြစ်သည်ကို သတိချပ်သင့်လှပါသည်။
ပညာတတ်များ၊ လူကုံထံများအဖြစ် လူမှုဝန်းကျင်တွင် နာမည်ကောင်းဖြင့် ကျော်နေသူတို့သည်ပင် သူတစ်ပါး၏ ဉာဏပစ္စည်း ပိုင်ဆိုင်ခွင့်ကို အမှုအမှတ်မဲ့တန်ဖိုးထားရကောင်းမှန်းမသိ ဖြစ်တတ် လေ့ရှိ၏။ မိမိနှစ်သက်၍ မိမိ၏ ဖန်တီးမှုယောင်ယောင်ဖြင့် ကူးယူဖော်ပြလိုက်သည်၊ မိမိသဘော ကျသည့် အယူအဆဖြစ်သည့်အတွက် မိမိ၏ အယူအဆပုံစံအနေဖြင့် ယူငင်ထုတ်ဖော်လိုက်သည် တို့သည် လည်း ခိုးယူခြင်းတွင် အကျုံးဝင်သည်ကို သတိပြုသင့်သည်။
မြက်တစ်ပင်ဖြစ်စေ၊ ဝါးတစ်ခြမ်းဖြစ်စေမှအစ၊ ပန်းချီတစ်ပိုင်း၊ ကဗျာတစ်ပုဒ်ဖြစ်စေအထိ သူတစ်ပါး ဥစ္စာကို မိမိပိုင်အဖြစ် ယူငင် သုံးစွဲမှုမပြုရဟူသော အခြေခံတရားကို နားလည်ထားသင့်ကြပါ သည်။ ဥပဒေနှင့်လည်း ဆန့်ကျင်၊ လူမှုလောကဝန်းကျင်တွင်လည်း လွန်စွာအရုပ်ဆိုးအကျည်းတန်လှသော အကုသိုလ်ကြီးသည့် ခိုးယူခြင်းအမှုကို ရှောင်ကြဉ်ကြခြင်းဖြင့် လောကလှပအောင် ဝိုင်းဝန်း စောင့်ရှောက် နိုင်ကြပါစေသတည်း။