Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနအောက်ရှိဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းများ လှုပ်ရှားသက်ဝင်လာအောင်၊ ဌာနကို ပိုမိုဖွံ့ဖြိုးရှင်သန်လာအောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်နေကြသည်ကို မြင်ရသည့်အတွက် အင်မတန်ဝမ်းမြောက်ပါကြောင်း၊  သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ အလိုက်  တာဝန်ယူထားသည့် ပုဂ္ဂိုလ်အသီးသီးက မိမိဒေသ အတွက်  မရှိမဖြစ်လိုအပ်သည့် ပုဂ္ဂိုလ် များဖြစ်အောင် ဆောင်ရွက်လိုသည့်  စိတ်အားထက်သန်မှု များ ရှိနေ သည် ကိုလည်း မြင်ရပါကြောင်း။

ယခုအခါ စာဖြင့် ရေးသားတင်ဆက်သည့် သတင်းများထက် ဗွီဒီယိုကလစ်များဖြင့် တင်ဆက် သည့် သတင်းများကို ကြည့်ရှုသူများလာသည့်အတွက် သတင်းသမားများအနေဖြင့် စာဖြင့် သတင်းရေးသား တင်ပြရုံ သာမကဘဲ ရုပ်သံများရိုက်ကူးခြင်း၊ နောက်ခံစကားပြောခြင်းတို့ကိုလည်း လေ့ကျင့်ကြစေ လိုပါ ကြောင်း၊ စာကြည့်တိုက်မှူးများသည် စာကြည့်တိုက်လုပ်ငန်းကို စိတ်ပါဝင်စား မှုသာမကဘဲ ယခုထက်မက ထင်ထင်ရှားရှားဖြင့် စာကြည့်တိုက်လောကတွင် ဂုဏ်တင်ရသည့် အရာဝင်သည့်သူများ ဖြစ်လာသည်အထိ ဆောင်ရွက်နိုင်ပါကြောင်း၊ စာကြည့်တိုက်လုပ်ငန်း ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသည့် အခြား အဖွဲ့အစည်း များလည်းရှိရာ ထိုအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းပြီးလည်း ဆောင်ရွက်နိုင်ပါကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်အဆင့်လုပ်ငန်းဆောင်ရွက်နိုင်မှု အကောင်းဆုံး ပထမဆုရရှိသည့် ဘားအံခရိုင်ရုံး၊  ဒုတိယဆုရရှိသည့် ပြင်ဦးလွင်ခရိုင်ရုံးနှင့် တတိယဆုရရှိသည့် ဟားခါးခရိုင်ရုံးတို့မှ တာဝန်ရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက်  အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မြို့နယ်အဆင့် လုပ်ငန်းဆောင်ရွက် နိုင်မှု ပထမ ဆုရရှိသည့် ဒေးဒရဲမြို့နယ်ရုံး၊ ဒုတိယရရှိသည့် ပုသိမ်ကြီးမြို့နယ်ရုံး၊ တတိယဆုရရှိသည့် ချောင်းဦးမြို့နယ် ရုံးတို့မှ တာဝန်ရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍   ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊   ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊  ခေတ္တ ဦးဆောင် ညွှန်ကြား ရေးမှူး ဦးသက်ဆွေတို့က မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှု အထူးဆုရရှိကြသည့် ပျဉ်းမနား၊ ကျိုက်မရော၊ ဒီမောဆိုမြို့နယ်တို့မှ တာဝန်ရှိသူများအား လည်းကောင်း၊ သတင်းပေးပို့မှုနှင့် ထုတ်လွှင့်ဖော်ပြမှုအများဆုံး ဆုရရှိသူများအားလည်းကောင်း၊ အခြားကဏ္ဍများတွင် ထူးချွန်ဆုရရှိကြသည့် ဝန်ထမ်းများအားလည်းကောင်းဆုများပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက်   ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းအားလုံးအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြည်သူ့ဝန်ထမ်း ကောင်းဆုတံဆိပ် ရရှိသူများအတွက်  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် တစ်နှစ်တာ ဆောင်ရွက်ချက်ကို မှတ်တမ်းတင်ထားသည့် “ပြည်သူ့အတွက် ခရီးဆက်၊ လှုပ်ရှားသွက်လက်တို့ ပြန်/ဆက်” မှတ်တမ်းဗီဒီယိုကို ပြသသည်။ ဆက်လက်၍ ဆုရရှိသူများကိုယ်စား အရာထမ်းတစ်ဦး က ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၂၉) နှစ်မြောက် နှစ်ပတ်လည် နေ့ အထိမ်းအမှတ် ဗလာမပါ ကံစမ်းမဲဖောက်ပေးသည့် အစီအစဉ်ကို ကျင်းပရာ ကံစမ်းမဲဆုကြီးများ ကံထူးသည့် ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီးနှင့်  အမြဲတမ်းအတွင်းဝန်တို့ကလည်းကောင်း၊ ကျန်ဆုမဲများအား တာဝန်ရှိ သူများ ကလည်းကောင်း အသီးသီး ဆုများပေးအပ်ခဲ့ကြသည်။ 

(သတင်းစဉ်)